DVB Logo
Home
မြန်မာသတင်း
လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာကို စစ်တပ်က မီးရှို့ပြီး  ရွာသား ၁၀ ဦးကို ဖမ်းဆီး 
DVB
·
April 19, 2025
လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာကို စစ်တပ်က မီးရှို့ပြီး  ရွာသား ၁၀ ဦးကို ဖမ်းဆီး 
Donate to DVB

ဖားကန့် - တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာက နေအိမ် ၁၀၀ ကျော်လောက်ကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ ၁၀ ယောက်ထက်မနည်းကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၁၅ ရက်က လဝါးကျေးရွာထဲက ဈေးအပါအဝင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ဧပြီ ၁၈ ရက် မနေ့က အထိ နေအိမ်တချို့ မီးလောင်နေဆဲဖြစ်ပြီး စစ်ရေးအခြေအနေ တင်းမာနေဆဲလို့ လီဒိုလမ်းမပေါ်က ဖြတ်သန်းလာခဲ့တဲ့ ဒေသခံတယောက်က ပြောပါတယ်။

“အိမ်တွေက ၁၀၀ ကျော်မယ်။ ကျနော်တို့ ဖြတ်လာတုန်းက အိမ်တချို့ မီးလောင်နေတုန်းပဲ။ လမ်းဘေးအိမ်တွေ အကုန်ရှို့ထားတယ်။ လမ်းမပေါ်မှာ စကစစစ်သားတွေလည်း ရှိတယ်။ ရွာထဲ မဝင်ခိုင်းဘူး။ ဝင်ရင် ပစ်မယ်လို့ပြောတယ်။ ရွာထဲကျန်ခဲ့တဲ့ သူတချို့ကို ဖမ်းထားတယ်။ အယောက် ၄၀ လောက်ရှိတယ်ကြားတယ်။ ရွာခံမဟုတ်တဲ့သူတွေလည်း ပါတယ်လို့ ကြားတယ်။ ပြန်လွှတ်လာတဲ့ သူတွေလည်း ရှိတယ်။ လဝါးမှာ လေယာဉ်နေ့တိုင်းလာတယ်။ လေယာဉ်နဲ့ပစ်လည်း ပစ်တယ်။ ဗုံးလည်း ကြဲတယ်။ လမ်းကတော့ တိုက်ပွဲငြိမ်တဲ့အချိန်တော့ ဖြတ်လို့ရတယ်။ လမ်းပေါ်မှာ စစ်သားတွေတော့ရှိတယ်။”

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက ဒေသခံပြည်သူတွေနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အပြင် အသက် ၄၀အရွယ် စိတ်ကျန်းမာရေးမကောင်းသူတယောက်ကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။

မတ် ၃၁ ရက်က လဝါးကျေးရွာထဲ စစ်ကြောင်းထိုးလာပြီး စာသင်ကျောင်းနဲ့ လူနေအိမ်တွေမှာ တပ်စွဲနေရာယူထားတဲ့ စကစတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကို KIA ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက် မောင်းထုတ်ပြီး KIA က နေရာယူထားခဲ့တာပါ။

ဒါပေမဲ့ ဧပြီ ၁၅ ရက်က စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIA ပူးပေါင်းတပ်တွေ ရွာထဲကနေ တပ်ဆုတ်လိုက်ရပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် တနိုင်လီဒိုလမ်းမပေါ်ရှိ  ဝါရာဇွပ်နဲ့ လဝါးကျေးရွာအနီးဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြ‌တဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့  စစ်ရှောင်ကူညီနေသူ ဆီက သိရပါတယ်။

စစ်ရှောင်ကူညီသူတယောက်က “ဝါရာဇွပ်ဘက်မှာလည်း မီးရှို့နေကြတယ်။ ရွာခံတွေကတော့ တောတောင်ထဲ တိမ်းရှောင်နေကြတာ။ တနိုင်း လီဒိုလမ်းမပေါ်က ဝါရာဇွပ်၊ လဝါး၊ ခွမ်စိုင်ယန်၊ မဂေါင်တောင်၊ ဒွမ်ဘန် အဲဒီက ဒေသခံတွေက တချို့ တောတောင်ထဲမှာ ကတုတ်ကျင်းတူးပြီး နေတဲ့သူတွေရှိတယ်။ အများစုကတော့ တောထဲမှာ မိုးကာတဲနဲ့ နေကြတာပေါ့။ တချို့ကတော့ မိုးကောင်းနဲ့ နမ္မတီးမြို့ပေါ်ကို တိမ်းရှောင်လာတာရှိတယ်။ စစ်ရှောင် ၁၀၀၀ ကျော်လောက်ရှိတယ်။ တောထဲရှောင်နေတာရော မြို့ပေါ်ရှောင်နေတာရော စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းနဲ့ အစားအသောက် အကူအညီတွေ လိုအပ်နေကြတယ်။ တိုက်ပွဲက ဘယ်ချိန်ထိ ဆက်ရှိမလဲ မသိနိုင်တော့ ရေရှည် အတွက် ပိုခက်ခဲလာမယ်”လို့ ပြောပါတယ်။

ဖားကန့် - တနိုင်းသွား လီဒိုလမ်းမကြီး ၂ ခုကြားမှာတည်ရှိနေတဲ့ လဝါးတိုက်ပွဲအခြေအနေဟာ နှစ်ဖက်စစ်တပ်နေရာလု ထိန်းချုပ်ဖို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်တာကြောင့် တိုက်ပွဲကာလ ကြာမြင့်လာနိုင်တယ်လို့ လဝါးဒေသခံ တွေသုံးသပ်နေကြပါတယ်။

လဝါးကျေးရွာဟာ ဖားကန့်နဲ့ တနိုင်းရွှေမှော်ဒေသတွေကိုသွားတဲ့ ကားလမ်းမကြီးလမ်းဆုံ နေရာတခုဖြစ်တာကြောင့် စီးပွားရေး၊ စစ်ရေးတွေအတွက် အလွန်အရေးပါတဲ့ လမ်းပန်းဆက်သွယ်ရေး နေရာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက ဖားကန့်– တနိုင်းသွားလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မတ်လကုန်ပိုင်းမှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကြောင်းထိုးနေတာကြောင့် လီဒိုလမ်းမပေါ်မှာ အခုလိုတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013