
ရန်ကုန်၊ ကမာရွတ်မြို့နယ်ရဲစခန်းမှာ ဧပြီ ၁၈ ရက် ည ၁၀ နာရီက ဧည့်စာရင်းစစ်ဆေးဖို့ လူစုနေချိန် ဗုံး ၂ ကြိမ်ပေါက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ကမာရွတ်မြို့နယ်ရဲစခန်း အဝင်အထွက်ဂိတ်ပေါက်နဲ့ ခြံစည်းရိုးနားမှာ ဗုံး ၂ ကြိမ်ပေါက်ခဲ့တာ ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စစ်သားတယောက်နဲ့ ရဲတယောက် ဒဏ်ရာရခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကိုပြောပါတယ်။
"ဂိတ်ဝမှာ ပေါက်တာ စစ်သားတယောက်ထိတယ်။ ခြံစည်းရိုးနားပေါက်တာ၊ ရဲတယောက် ထိတယ်၊ သေတော့မသေဘူး။ ဒဏ်ရာကတော့ စိုးရိမ်ရတယ် ခုတင် ၅၀၀ စစ်ဆေးရုံကို ပို့ထားတယ်။”
မနေ့ ည ၉ နာရီ ၅၅ မိနစ်လောက်မှာ ဗုံး တကြိမ်ပေါက်တယ်ပြီး ၁၀ နာရီလောက်မှာ နောက်ထပ် တကြိမ်ပေါက်ကွဲမှုဖြစ်တာလို့ ဒေသခံ တယောက်ကလည်းပြောပါတယ်။
"ဧည့်စာရင်းစစ်ဖို့လူစုနေတဲ့အချိန်မှာ ပေါက်တယ်လို့ပြောတယ်။ ဗုံးနဲ့ပစ်တာလား၊ လက်လုပ်ဗုံး ပေါက်တာလားတော့ မသိဘူး။ အသံကအတော်လေး ကျယ်တယ်။ ထိတဲ့သူတွေ ရှိတယ်လို့ ကြားတယ်။”
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပေါက်ကွဲမှု ဖြစ်ပြီးနောက် ကမာရွတ်မြို့နယ်ရဲစခန်းအနီးတဝိုက်ကို စစ်တပ်နဲ့ ရဲတွေက လိုက်လံ ရှာဖွေခဲ့ပေမဲ့ ဗုံးနဲ့ပစ်ခတ်သွားသူကိုတော့ ရှာမတွေ့ဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။