DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် ရှေးဟောင်းစေတီနှင့် အဆောက်အအုံများကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ
DVB
·
April 18, 2025
ငလျင်ဒဏ်သင့် ရှေးဟောင်းစေတီနှင့် အဆောက်အအုံများကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ
Donate to DVB

အင်အားပြင်း ငလျင်ဒဏ်ကြောင့် မန္တလေးနဲ့ စစ်ကိုင်း အပါအဝင် အမရပူရ၊ အင်းဝ၊ ပင်းယ၊ ကျောက်ဆည်၊ မင်းကွန်း၊ စဉ့်ကူးဘက်တွေမှာ လူသေဆုံးမှုတွေ ရှိခဲ့တဲ့အပြင် ရှေးဟောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။

ငလျင်လှုပ်အပြီး ၃ ပတ်တာ ကြာမြင့်ချိန်မှာတော့ ထိခိုက်ပျက်စီးရတဲ့ အဆောက်အအုံတွေကို စာရင်းကောက်ယူနေဆဲ ဖြစ်သလို  ပြုပြင်ထိန်းသိမ်းမှု မတိုင်ခင်မှာ မိုးကျပြီး ထပ်မံထိခိုက်တာမျိုး မဖြစ်အောင် ယာယီအမိုးအကာတွေ ပြုလုပ်နေတယ်လို့ ရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။

“ဒီလိုဆောင်ရွက်တဲ့ အခါမှာလည်း value မရှိတဲ့ ဘုရားတွေ ဆိုရင်တော့ မူလအလှူရှင်တွေနဲ့ ပြန်လည်ပြုပြင်တာ၊ နောက်ပြီးတော့ value နည်းနည်းရှိတဲ့ ဘုရားစေတီတွေဆိုရင် ဒါ ဌာနက ကြီးကြပ်မှုနဲ့ အမြန်ဆုံး ပြုပြင်ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်ဗျ။ value ကြီးတဲ့ ဒီ ကျနော်တို့ ရှေးဟောင်းအဆောက်အအုံတွေ ဆိုရင်‌တော့ ဒီ ဟိုဟာပေါ့ ရှေးဟောင်းသုတေသနဌာနကပဲ တာဝန်ယူပြီးတော့ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

စစ်ကောင်စီက ဧပြီ ၁၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာတော့ ငလျင်ကြောင့် ဘာသာရေးအဆောက်အအုံပေါင်း ၉,၆၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဝန်ကြီး ဦးတင်ဦးလွင်က ပြောထားပါတယ်။

အဲဒီထဲမှာ ဘုရားစေတီ ၅,၄၀၂ ဆူ၊ ဘုန်းကြီးကျောင်း ၃,၈၄၁ ကျောင်း၊ သီလရှင်ကျောင်း ၁၈၇ ကျောင်း၊ ဘုရားကျောင်း ၅၀၊ ဗလီ ၁၃၆ လုံး၊ ဟိန္ဒူဘုရားကျောင်း ၂၆ ကျောင်း၊ ဘုံကျောင်း ၁ ကျောင်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းထဲမှာတော့ ရှေးဟောင်းစေတီနဲ့ အဆောက်အအုံ ၁,၅၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ အဲဒီထဲမှာ အုတ်နဲ့တည်ဆောက်ထားတဲ့ ကျောင်းတွေထဲ အကြီးဆုံးတခုဖြစ်ပြီး နှစ်ပေါင်း ၂၀၀ ဝန်းကျင် သက်တမ်းရှိတဲ့ မယ်နုအုတ်ကျောင်းလည်း ပါဝင်ခဲ့ပါတယ်။

အင်းဝဒေသခံက “အကုန်ပြိုတာအစ်ကို၊ စေတီတွေမှန်သမျှ အကုန် ထီးတော်တွေ ပြိုကျတယ်။ ကျောင်းဆောင်အကြီးကြီးတွေ မှန်သမျှ အခု နန်းမတော်မယ်နု အုတ်ကျောင်းဆိုရင် ရှေ့မျက်နှာစာလေးပဲ ရှိတော့တယ်။ ညီမလေးတို့ ထမင်းအိုးကြီးပေါ့။ အနောက်ခြမ်း တခြမ်းလုံး အကုန်ပြိုတယ် အစ်ကို။ ကျန်တဲ့ မန္တလေးတို့၊ စစ်ကိုင်းတို့ကို ညီမလေး ထည့်မပြောပါဘူး၊ ကိုယ့်ထက်ဆိုးရွားပါတယ်။ ဒါပေမဲ့ ညီမလေးတို့အတွက်ကျတော့ ညီမလေးတို့ အိမ်ပြိုရင် ပြိုသွားပါစေ၊ ဒီကျောင်းကြီးကိုပြိုတာ ပိုပြီးတော့ ခံစားရတာပေါ့။ ညီမလေးတို့ ထမင်းအိုး ဟင်းအိုး မရှိတော့သလို ခံစားရတယ်” လို့ ပြောပါတယ်။

ငလျင်ကြောင့် ထိခိုက်ခဲ့ရတဲ့ တချို့ဘုရားတွေမှာ ဒေသခံတွေဟာ ဘုရားသမိုင်း ရှင်းပြတာ၊ မြင်းလှည်းမောင်းတာနဲ့ ဈေးရောင်းတာလိုမျိုး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ပြီး မှီခို စားသောက်နေကြတာ ဖြစ်ပါတယ်။

ရှေးဟောင်းစေတီပုထိုးတွေအပြင် နှစ်ရာချီသက်တမ်းရှိတဲ့ ဗလီတွေလည်း ပြိုကျခဲ့ပြီး အခုချိန်ထိ ပြန်လည်တည်ဆောက်ခွင့်တွေ မကျသေးတာကြောင့် အဆင်ပြေသလို လမ်းမတွေပေါ်မှာ ဝတ်ပြုနေကြရပါတယ်။

ရှေးဟောင်းသုတေသနဌာနကတော့ အခုကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတကာပညာရှင်တွေ ပါဝင်မယ့် အဖွဲ့တခုဖွဲ့ဖို့ အထက်ကို တင်ပြထားပြီး ချိတ်ဆက် ဆောင်ရွက်နေကြောင်း ပြောပါတယ်။

အခုငလျင်ကြောင့် မြန်မာနိုင်ငံမှာ လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ရသလို လူနေအိမ်တွေ အပါအဝင် ရှေးဟောင်းနဲ့ ဘာသာရေးအဆောက်အအုံ သောင်းနဲ့ချီ ပျက်စီးခဲ့ပေမဲ့ ဘယ်လိုပြန်လည်ပြင်ဆင် တည်ဆောက်ကြမယ် ဆိုတာနဲ့ ပတ်သက်လို့ သဲသဲကွဲကွဲ သိရတာ မရှိသေးပါဘူး။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013