DVB Logo
Home
မြန်မာသတင်း
မြန်မာသံတော်ဆင့်ဂျာနယ်ကို သတင်းမီဒီယာဥပဒေသစ်ဖြင့် တရားစွဲရန် သမ္မန်စာပို့
DVB
·
November 7, 2014
မြန်မာသံတော်ဆင့်ဂျာနယ်ကို သတင်းမီဒီယာဥပဒေသစ်ဖြင့် တရားစွဲရန် သမ္မန်စာပို့
Donate to DVB

ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာသံတော်ဆင့်ဂျာနယ်ကို သတင်းမီဒီယာဥပဒေသစ်နဲ့ တရားစွဲဖို့ နိုဝင်ဘာ ၅ ရက်နေ့က သမ္မန်စာပို့လိုက်ပါတယ်။

ThanTawSin072014အများအကျိုးစီးပွားအလို့ငှာ မဟုတ်ဘဲ လူတဦး ဒါမှမဟုတ် အဖွဲ့အစည်းတခုကို ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားပြောဆိုခြင်းပြုလျင် စွဲဆိုနိုင်တဲ့ မီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ တရားစွဲဆိုဖို့ သမ္မန်စာပို့လာတယ်လို့ သံတော်ဆင့်ဂျာနယ်တာဝန်ခံ အယ်ဒီတာ ဦးအောင်ထွန်းလင်းက ပြောပါတယ်။

ဂျာနယ်အယ်ဒီတာချုပ်ကနေ ဖြန့်ချိရေးအထိ စုစုပေါင်း ၁၁ ယောက်ကို တရားစွဲဆိုဖို့ သမ္မန်စာထုတ်တာလို့ သူက ပြောပါတယ်။

“အယ်ဒီတာချုပ်ကနေ ဖြန့်ချိရေးဝန်ထမ်းအထိ ၁၁ ယောက် ပါပါတယ်။ ပြန်ကြားရေးက တရားစွဲတာ ဘာဖြစ်လို့များ ဖြန့်ချိရေးကို ထည့်လဲဆိုတာ စဉ်းစားလို့ မရပါဘူး။ ပုံမှန်ဆို အယ်ဒီတာအဖွဲ့ကိုပဲ တရားစွဲဆိုလေ့ ရှိတာလေ။ အခု ကျနော်တို့ဆီမှာတော့ ထူးထူးခြားခြား စာပေတိုက်မန်နေဂျာနဲ အသက် ၂၀ ကျော်လောက်ရှိတဲ့ ဖြန့်ချိရေးကောင်လေးတယောက်ပါ ပါနေတယ်။”

မီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) အရ အနိမ့်ဆုံးဒဏ်ငွေ ကျပ် ၃ သိန်းကနေ အမြင့်ဆုံးပြစ်ဒဏ် အဖြစ် ဒဏ်ငွေ ကျပ် ၁၀ သိန်း ချမှတ်လို့ ရပါတယ်။

နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို ထိခိုက်တယ်ဆိုပြီး ပြန်ကြားရေးက သံတော်ဆင့်ဂျာနယ်ကို တရားစွဲမယ်လို့ နိုဝင်ဘာ ၄ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပြီး အခု တရားစွဲဖို့ သမ္မန်စာ ထုတ်ပြန်လာတာပါ။

သမ္မတကိုယ်စား ပြန်ကြားရေးက တရားစွဲဆိုလို့ ရပါသလား။ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက “အဲ့ဒီကိစ္စ ပြန်ကြားရေးကိုမေးကြတာ တွေ့ရတယ်။ သူတို့ဟာ အစိုးရအဖွဲ့ကိုယ်စားပြု ၀န်ကြီးဌာနဖြစ်တဲ့အတွက် စွဲလို့ရတယ်လို့ ပြောတယ်။ ကြည့်ရတာတော့ သမ္မတကိုယ်တိုင် သို့မဟုတ် သမ္မတရုံးက စွဲမယ်ဆိုလို့ရှိရင် သူတို့ကိုယ်တိုင်လာရမယ်။ ဒါ ပုဒ်မ ၅၀၀ နဲ့ စွဲလို့ရတယ်။ အဲ့ဒီလို လာရမှာကို ရှောင်လွှဲချင်တဲ့အတွက် သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) နဲ့ စွဲတယ်လို့ ယူဆလို့ ရတာပေါ့” လို့ ပြောပါတယ်။

သြဂုတ်လထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၃ အမှတ် ၂၂ ပါ အံ့ခေါင်မင်းရဲ့ နိုင်ငံရေး တွေ့ဆုံမေးမြန်းခြင်းကဏ္ဍပါ စာသားတွေဟာ သမ္မတရဲ့ ဂုဏ်သိက္ခာထိပါးစေပြီး အကြည်ညိုပျက် စေတာကြောင့် စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ ညှိနှိုင်းဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို အကြောင်းကြားခဲ့ကြောင်းနဲ့ တောင်းပန်ဖို့နဲ့ တောင်းပန်စာမူကြမ်းဟာလည်း မူလဖော်ပြတဲ့ သမ္မတဂုဏ်သိက္ခာထိပါးတဲ့ အရေးအသား တွေကို မချေဖျက်နိုင်တဲ့အပြင် တခြားပုဂ္ဂိုလ်တွေကိုပါ ထိခိုက်ပုတ်ခတ်တာတွေ ပါလာပြီး သမ္မတရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို ထိခိုက်စေလို့ တရားစွဲမှာဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနဟာ အလဲဗင်းမီဒီယာကို တရားစွဲဆိုထားပြီး အောင်ဇေယျတု ဂျာနယ်ကိုလည်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013