စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတာကို ကန့်ကွက်ကြောင်း အမေရိကန်ရောက် မြန်မာတွေရဲ့ အိတ်ဖွင့်စာကို ဝါရှင်တန်ဒီစီ မလေးရှားသံရုံး တာဝန်ရှိသူတွေ လက်ခံရယူခဲ့ပြီး သတင်းစကားကို ဝန်ကြီးချုပ်ဆီရောက်အောင် ပို့ပေးမယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
မြန်မာစစ်ခေါင်းဆောင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ ဘန်ကောက်မြို့မှာ တွေ့ဆုံတာကို အမေရိကန်ရောက် မြန်မာတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ဒေသစံတော်ချိန် ဧပြီ ၁၇ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ မြို့တော် ဝါရှင်တန်ဒီစီ၊ မလေးရှားသံရုံးရှေ့မှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒထုတ်ဖော်ခဲ့တာပါ။
စစ်ခေါင်းဆောင်ကို လူရာသွင်း ဆက်ဆံတာဟ မြန်မာပြည်တွင်းမှာ ပိုမိုဆိုရွားတဲ့ အကြမ်းဖက်မှုတွေပဲ ဆက်ဖြစ်လာနိုင်တဲ့အတွက် ဆန့်ကျင်ကန့်ကွက်တာဖြစ်ပြီး မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက အိတ်ဖွင့်ပေးစာတစောင်ကိုလည်း မလေးရှားသံရုံး တာဝန်ရှိသူတွေကို ပေးအပ်ခဲ့ပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ မမင်းမင်းက “မလေးရှားသံရုံးကို ရောက်လာတာကတော့ ဝန်ကြီးချုပ်နဲ့ မင်းအောင်လှိုင်နဲ့ တွေ့တဲ့ဟာကို ကန့်ကွက်တယ်ပေါ့နော်၊ ပြီးတော့ ဒီမိုကရေစီအရေး ကြိုးစားနေတဲ့ မြန်မာအစုအဖွဲ့တွေ ကိုယ်စားအနေနဲ့ ဆန္ဒလာပြတာပါ။ သူတို့ဘက်ကပြောတာက တို့မြန်မာတွေ အစုအဖွဲ့တွေ ပြောတာကို သူတို့ နားလည်ပြီးတော့ ဘန်ကောက်မှာ စည်းဝေးနေတဲ့ အစည်းအဝေးပွဲကိုလည်း သူတို့သတင်းကို သူတို့ဝန်ကြီးချုပ်ဆီ ရောက်အောင် ပို့ပေးပါမယ်တဲ့။ သူတို့ စာကိုလည်း လက်ခံယူလိုက်ပါတယ်” လို့ ပြောပါတယ်။
မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် အချိန် ၄ နှစ်ကျော်အတွင်းမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နေရပ်စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာခဲ့ကြပါတယ်။
အိန္ဒိယ၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို ရောက်နေတဲ့ ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ ဘဝအာမခံချက် ကင်းမဲ့နေပြီး အခက်အခဲတွေ ကြုံတွေ့နေရတဲ့အတွက် ဒေသတွင်း အာဆီယံနိုင်ငံတွေက ထောက်ထားမှုတွေ ပေးဖို့လည်း အမေရိကန်ရောက် မြန်မာတွေက မေတ္တာရပ်ခံခဲ့ပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ မမင်းမင်းက “မလေးရှားမှာနေနေတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ကျေးဇူးပြုပြီးတော့ လုံခြုံမှုပေးပါ၊ လုံးဝပြန်မအပ်ပါနဲ့၊ မြန်မာပြည်ကို ပြန်မပို့ပါနဲ့ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို မြန်မာပြည်ကို ပြန်ပို့တဲ့အချိန် ရောက်လို့ရှိရင် စစ်တပ်က သူတို့ကို ရက်ရက်စက်စက်လုပ်မှာ၊ သူတို့ဘဝက အန္တရာယ်ဖြစ်သွားမှာ၊ ဒါကြောင့် သူတို့ကို ကျမတို့က မလေးရှားအစိုးရကို မေးခွန်းထုတ်တာ၊ မေတ္တာရပ်ခံတာပါ။ မြန်မာပြည်သူတွေကို ခိုလှုံစရာနေရာပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ဟာ စစ်ခေါင်းဆောင်နဲ့ ဧပြီ ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
ဧပြီ ၁၈ ရက်နေ့မှာတော့ မလေးဝန်ကြီးချုပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ Teleconference ကတဆင့် တွေ့ဆုံမှု ထပ်မံပြုလုပ်ထားပါတယ်။
မလေးရှားဝန်ကြီးချုပ်ရဲ့ နှစ်ဖက်စလုံးနဲ့ တွေ့ဆုံမှုဟာ ငလျင်ဘေးအတွက် လူသားစာနာ အကူအညီတွေပေးဖို့၊ မြန်မာနိုင်ငံမှာ ပြည်တွင်းပဋိပက္ခတွေ ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ လမ်းပေါ်ရောက်ဖို့ စတဲ့ ရည်ရွယ်ချက်တွေ ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
သုတချမ်းသာ