
မတ်လ ၂၈ ရက်နေ့က အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် မြန်မာနိုင်ငံမှာ ၄ ဒသမ ၃ သန်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်တွေနဲ့အတူ သောက်သုံးရေ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က ဒီကနေ့ ဧပြီ ၁၈ မှာ ထုတ်ပြန်လာပါတယ်။
ပဋိပက္ခဘေးကြားမှာရှိနေတဲ့ မြန်မာနိုင်ငံမှာ သန့်ရှင်းတဲ့ ရေလိုအပ်ချက်ဟာ ၁ ဒသမ ၁ သန်း ရှိခဲ့ပြီး ငလျင်သဘာဝဘေးသင့်ချိန်မှာတော့ ၄ ဒသမ ၃ သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေ အရေးပေါ်လိုအပ်လာတယ်လို့ ဆိုပါတယ်။
ငလျင်သဘာဝဘေးကြောင့် ရေပေဝေရေးစနစ်တွေ ပျက်စီးသွားသလို အိမ်သာအလုံးရေ ၄၂၀၀၀ ပြိုကျခဲ့တဲ့အပြင် လျှပ်စစ်မီးပုံမှန်မရတာကြောင့် ရေတင်ဖို့အခက်အခဲတွေ ရှိနေကြတာလို့ ဆိုပါတယ်။
ဒီအခြေအနေတွေထဲက ထိခိုက်လွယ်တဲ့ လူ ၁ သန်းလောက်ကို ဘေးကင်းတဲ့ရေတွေနဲ့ အရေးပေါ်အိမ်သာ တကိုယ်ရည်သန့်ရှင်းရေးအတွက် လူသားချင်းစာနာမှုအကူအညီတွေ မိတ်ဖက်အဖွဲ့တွေနဲ့အတူ ကူညီသွားမယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။