Home
မြန်မာသတင်း
မလေးရှားဝန်ကြီးချုပ်နှင့် မြန်မာစစ်ခေါင်းဆောင်တို့၏တွေ့ဆုံပွဲတွင် သက်ဆင်ရှင်နာဝပ် တက်ရောက်
DVB
·
April 18, 2025
Photo: Anwar Ibrahim

DVB

အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်မ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ရဲ့ ဘန်ကောက်တွေ့ဆုံပွဲမှာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်လည်း တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်မ်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဧပြီ ၁၇ ရက်ညနေက  မြန်မာစစ်ခေါင်းဆောင်နဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ 

ဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးအတွက် အာဆီယံ အသိုက်အဝန်းမှ စည်းလုံးညီညွတ်မှုနဲ့ ဆက်လက်ကူညီဆောင်ရွက်ရေး၊ မြန်မာ-အာဆီယံ အသိုက်အဝန်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့သာ စစ်ကောင်စီက ထုတ်ပြန်ထားပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိပါဘူး။

မလေးရှားဝန်ကြီးချုပ်ကတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တိုင်းပြည်ပုံမှန် အခြေအနေ ပြန်လည်ရောက်ရှိဖို့ အပါအဝင် မြန်မာပြည်သူတွေရဲ့ အရေးပေါ် လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဓိကထား ဆွေးနွေးခဲ့ကြတယ်ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးမှု မတိုင်ခင် မလေးရှားဝန်ကြီးချုပ်ကတော့ မြန်မာစစ်တပ်အနေနဲ့ စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားမှသာ အကူအညီတွေ ပေးအပ်မယ်လို့ စစ်ခေါင်းဆောင်ကို ရှင်းရှင်းလင်းလင်းပြောထားတယ်လို့ ဆိုထားပါတယ်။

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာတော့ မလေးရှားဝန်ကြီးချုပ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဧပြီ ၁၈ ရက်မနက်က မိနစ် ၄၀ ကြာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဆိုပါတွေ့ဆုံမှုမှာ အာဆီယံဥက္ကဋ္ဌနဲ့တကွ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့် ဆက်သွယ် ဆောင်ရွက်နိုင်ရေး အပါအဝင် မြန်မာပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေးတို့နဲ့ စပ်လျဉ်းတဲ့ ကိစ္စရပ်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ NUG ကသတင်းထုတ်ပြန်ပါတယ်။

မလေးရှားဝန်ကြီးချုပ်ကလည်း မြန်မာပြည်သူတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့နဲ့  အလိုအပ်ဆုံးနေရာတွေကို အကူအညီတွေရောက်ရှိဖို့ ကိစ္စတွေ NUG အစိုးရနဲ့ အဓိထားဆွေးနွေးခဲ့ကြတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တွေ့ဆုံဆွေးနွေးရေးတွေဆက်လုပ်ဖို့ ၊ သင့်တော်တဲ့အချိန်မှာ မလေးရှားနိုင်ငံမှာ လူချင်းတွေ့ဖို့ နဲ့  အစောပိုင်းက စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့တုန်းကလိုပဲ ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်တဲ့အကြောင်း မလေးရှားရဲ့ကြားဝင်စေ့စပ်မှုတွေနဲ့ပတ်သက်ပြီး  ဘယ်ဘက်ကမှ ကန့်ကွက်တာမရှိဘူးလို့လည်း အာဆီယံ ဥက္ကဋ္ဌက ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးအတွက် သက်ဆိုင်တဲ့သူတွေအားလုံးနဲ့ ဆက်လက်ပြီး ဆွေးနွေးညှိနှိုင်းသွားမယ်လို့ လည်း မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။ 

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ဟာ သဘာဝဘေးကြုံနေရတဲ့ကာလဖြစ်သလို၊ နိုင်ငံတကာအနေနဲ့လည်း ကူညီဖို့ တာဝန်ရှိတာကြောင့် ဒီအချက်ပေါ်မူတည်ပြီး စစ်ကောင်စီအတွက် သံတမန်ရေးအရ လှုပ်ရှားဖို့ ကဏ္ဍတိုးလာတဲ့အခြေအနေလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ ဘက်အသီးသီးက အပစ်ရပ်ကြေညာထားကြတာကြောင့် ဒီအခြေအနေပေါ် မူတည်ပြီး စားပွဲဝိုင်းပေါ်ရောက်လာဖို့အတွက် နိုင်ငံတကာအနေနဲ့ တွန်းအားပေးချင်တဲ့ သဘောလည်း ပါတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီအနေနဲ့ သံတမန်ရေးအရ ချောင်ပိတ်နေတဲ့အခြေအနေကနေ နိုင်ငံတကာနဲ့ ပြန်ပြီးဆက်ဆံခံလာရတဲ့အခြေအနေကို ရောက်လာတယ်လို့လည်း နိုင်ငံရေးလေ့လာသူ တယောက်က ပြောပါတယ်။

လက်ရှိအချိန်ထိ NUG ဟာ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ အင်အားစုတခု၊ အစုအဖွဲ့တခု၊ လူထုထောက်ခံတဲ့ အစုအဖွဲ့တခုအဖြစ် နိုင်ငံတကာက ရှုမြင်ထားကြတာမှန်ပေမဲ့ အစုအဖွဲ့ပေါင်းစုံဖြစ်နေတဲ့အခြေအနေမှာ အားလုံးကိုကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးအစိုးရ တရပ် ဖြစ်တယ်ဆိုတာကိုတော့ နိုင်ငံတကာက လက်မခံနိုင်သေးတာက အရေးကြီးတဲ့ အချက်ဖြစ်ပြီး သံခင်းတမန်ခင်းမှာ ကန့်သတ်ချက်တွေ ဆက်ရှိနေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုင်းကြည်ဇင်စိုးက ပြောပါတယ်။ 

ဒါကြောင့် NUG အနေနဲ့ အားလုံးကို ကိုယ်စားပြုနိုင်ဖို့၊ ဒါမှမဟုတ် အားလုံးစုပေါင်းပါဝင်တဲ့ အစိုးရသစ်တစ်ရပ်ဖြစ်လာဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။ 

စစ်ခေါင်းဆောင်နဲ့ တဖက်သတ် ဆက်ဆံဆောင်ရွက်မှုတွေကို အာဆီယံအနေနဲ့ အထူးသတိပြုဖို့ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစု ၈ ဖွဲ့က ပူးပေါင်းကြေညာ ထားပါတယ်။

အာဆီယံအနေနဲ့ မြန်မာအတွက် လူသားခြင်းစာနာအကူအညီတွေကို စစ်ခေါင်းဆောင်ကတဆင့် ပေးအပ်မယ်ဆိုရင် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေဟာ နိုင်ငံရေးအရ အလွဲ အသုံးချမယ့် အန္တရာယ်ကိုကြုံရမှာဖြစ်တာကြောင့် ကန့်ကွက်တယ်လို့လည်း အမျိုးသား ညီညွတ်ရေးအစိုးရဘက်က ပြောပါတယ်။

ထက်အောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024