DVB Logo
Home
နိုင်ငံတကာ
အလင်းနှစ် ၁၂၀ ကွာဝေးသည့် ဂြိုဟ်ပေါ်က သက်ရှိသဲလွန်စများကို ရှာတွေ့
DVB
·
April 18, 2025
အလင်းနှစ် ၁၂၀ ကွာဝေးသည့် ဂြိုဟ်ပေါ်က သက်ရှိသဲလွန်စများကို ရှာတွေ့
Donate to DVB

နေအဖွဲ့အစည်း (Solar System) အပြင်ဘက်မှာရှိပြီး ကမ္ဘာမြေနဲ့ အလွန်ဝေးကွာရာ ဂြိုဟ်တခုပေါ်က သက်ရှိ တည်ရှိနိုင်တဲ့ အခိုင်မာဆုံးသော အထောက်အထားကို သိပ္ပံပညာရှင်တွေ အနေနဲ့ ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

K2-18b လို့ အမည်ပေးထားတဲ့ ဂြိုဟ်ဟာ ကမ္ဘာမြေထ​က် အရွယ်အစား ၂ ဆခွဲကျော် ပိုမိုကြီးမားပြီး မိုင်ပေါင်း ၇၀၀ ထရီလီယံလောက် ကွာဝေးပါတယ်။

အဲဒီပြင်ပဂြိုဟ်ရဲ့ လေထုအလွှာကို လေ့လာရင်း ကိန်းမ် ဘရစ်ချ်တက္ကသိုလ် အခြေစိုက် သုတေသနအဖွဲ့ဟာ ကမ္ဘာ့သက်ရှိဇီဝစနစ်ကနေသာ ထုတ်လုပ်နိုင်တဲ့ ဓာတ်ငွေ့မော်လီကျူးပုံစံမျိုး ရှာတွေ့ခဲ့တာပါ။

ဒါဟာ ဒိုင်မတ်သဲလ် ဆယ်လ်ဖိုက်ဒ် (DMS) နဲ့ ဒိုင်မတ် သဲလ် ဒိုင်ဆယ်လ်ဖိုက်ဒ် (DMDS) ဆိုတဲ့ ဓာတ်ငွေ့အမျိုးအစား ၂ ခုကို တွေ့ရှိခဲ့တာဖြစ်ပြီး ရေညှိလိုမျိုး အဏုဇီဝသက်ရှိကနေ ထုတ်လုပ်နိုင်ပါတယ်။

ဒါကြောင့် အဲဒီဂြိုဟ်ပေါ်မှာ အဏုဇီဝသက်ရှိတွေနဲ့ ပြည့်နှက်နေနိုင်သလို ကျယ်ပြန့်လှတဲ့ သမုဒ္ဒရာကြီးနဲ့လည်း ဖုံးလွှမ်းနေတယ်ဆိုပြီး သုတေသီတွေအနေနဲ့ ကောက်ချက်ချပါတယ်။

ဒါပေမဲ့လည်း တကယ့်သက်ရှိတွေ ရှာတွေ့တာမျိုးမဟုတ်ဘဲ ဇီဝဖြစ်စဉ်တခုရှိကြောင်း ညွှန်ပြပေးနေတဲ့အချက် ဒါမှမဟုတ် ဇီ၀လက္ခဏာရပ်သာ ထုတ်ဖော်နိုင်သေးတာဖြစ်ကြောင်း အတိအလင်း ကြေညာထားပါတယ်။

သုတေသီတယောက်ဖြစ်တဲ့ ပါမောက္ခ နစ်ကူ မာ့ဒုဆူဒန် ကတော့ “ဒါဟာ တခြား ပြင်ပကမ္ဘာမှာ သက်ရှိတွေ ရှိနေနိုင်တယ်ဆိုတဲ့ အကောင်းဆုံးသက်သေပါ။ ၁ နှစ်ကနေ ၂ နှစ်အတွင်း ဒီအချက်ကို အတည်ပြုနိုင်မယ်လို့ ယုံကြည်ထားတယ်” လို့ မှတ်ချက်ပေးပါတယ်။

သုတေသနအဖွဲ့ရဲ့ ဦးဆောင်သူ မာ့ဒုဆူဒန် က“တကယ်လို့ K2-18b ဂြိုဟ်ပေါ်မှာ သက်ရှိတည်ရှိကြောင်း အတည်ပြုနိုင်ပြီဆိုရင် အာကာသကြယ်စင်စုထဲမှာပါ (Galaxy) သက်ရှိ ဘဝများစွာ ရှိနေနိုင်တယ် ဆိုတာကို အခြေခံအားဖြင့် အတည်ပြုရာရောက်လိမ့်မယ်” လို့ ပြောသွားပါတယ်။

ဒါ့အပြင် “အဲဒီတွေ့ရှိချက်က အရေးပါတဲ့ အလှည့်အပြောင်း ဖြစ်လာနိုင်ပါတယ်။ စကြ၀ဠာတခုလုံးမှာ ကျနော်တို့ပဲ ရှိတာလားဆိုတဲ့ အခြေခံအကျဆုံး မေးခွန်းကို ကိုယ်တိုင် ဖြေနိုင်မယ့်အဆင့်အထိ ရောက်လာပါပြီ” လို့လည်း ဖြည့်စွက်ပြောပါတယ်။

NASA ရဲ့ ဂျိမ်းစ်ဝက်ဘ် အာကာသကြည့်မှန်ပြောင်းကြီး (JWST) ဟာ အလွန်အားကောင်းတဲ့ အလျောက် K2-18b လေထုထဲက ဓာတုဖွဲ့စည်းပုံတွေကိုပါ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိပါတယ်။

အခုလိုမျိုး JWST တယ်လီစကုပ်နဲ့ စူးစမ်းလေ့လာနိုင်ခဲ့တဲ့ အဲဒီဂြိုဟ်ဟာ အလင်းနှစ် ၁၂၀ အကွာမှာ တည်ရှိတဲ့အပြင် ကမ္ဘာမြေထက်ပါ ထုထည်အားဖြင့် ၈ ဒသမ ၆ ဆ ပိုပြီး သိပ်သည်းတယ်လို့ တွက်ချက်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013