
စစ်ခေါင်းဆောင်က မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ပြစ်ဒဏ်ကျခံနေသူ ၄,၈၉၃ ယောက် ပြန်လွှတ်ပေးတယ်လို့ ဧပြီ ၁၇ ရက် ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီးနောက် နေ့လယ်ပိုင်းအထိ နိုင်ငံရေးအကျဉ်းသား ၂၂ ယောက်သာ လွတ်မြောက်သေးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာတော့ ဒီကနေ့မနက်မှာ ၁,၀၀၀ ကျော် ပြန်လွတ်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသား အရေအတွက်ကိုတော့ မသိရသေးပါဘူး။
PPNM က ကနဦး ကောက်ယူထားတဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေအရတော့ ပေါင်းတည်အကျဉ်းထောင်က ကျား ၂ ယောက်၊ ထားဝယ်အကျဉ်းထောင်က ၂ ယောက်၊ ပြည်အကျဉ်းထောင်က ၉ ယောက်၊ ညောင်ဦးအကျဉ်းထောင်က ၄ ယောက်၊ ပခုက္ကူအကျဉ်းထောင်က ၅ ယောက် စုစုပေါင်း ၂၂ ယောက် လွတ်မြောက်လာတယ်လို့ သိရပါတယ်။