
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကျေးရွာကို ဧပြီ ၁၆ ရက် နေ့ခင်း ၁ နာရီ မိနစ် ၄၀ လောက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ၄ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရသွားလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သစ်ဆိမ့်ကျေးရွာကို ပေါင် ၅၀၀ ဗုံး တလုံး ကြဲချသွားတာဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားတဲ့ ကလေး တယောက် အပါအဝင် သေဆုံးသူ ၄ ယောက်ရှိပြီး ဒဏ်ရာရတဲ့ ၆ ယောက်မှာ တယောက်က စိုးရိမ်ရကာ ပြည်သူနေအိမ် ၂ လုံးလည်း ပျက်စီးသွားပါတယ်။
ဒေသခံ ရွာသားတယောက်က “ရွာမှာတော့ ဘာတိုက်ပွဲမှ မရှိဘူးနော်။ ဒီတိုင်း သက်သက်ကြီး ကြဲသွားတာ။ ကြဲချတဲ့နေရာက ရွာရဲ့ ဆေးပေးခန်းနားကို ကြဲသွားတာ။ ဗုံးသီးက တလုံးထဲ ကြဲချသွားတာ။ ဗုံးသီးက အတော်ကြီးမယ် ထင်တယ်။ ကွဲတာတောင် မြေကြီးတွေပါ တုန်ခါသွားတယ်”လို့ ပြောပါတယ်။
အဆိုပါ လေယာဉ်ဟာ ဂျက်တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး တံတားဦးကနေ လာရောက် ဗုံးကြဲတယ်လို့လည်း သိရပါတယ်။
ဝက်လက် ဗိုလ်ကျားကြီးက “စစ်ကောင်စီက သူတို့ မြေပြင်စစ်ကြောင်းထိုးခဲ့တုန်းက တိုက်ပွဲဖြစ်ပြီး အထိနာခဲ့တဲ့ နေရာအနီးက ကျေးရွာတွေကို အငြိုးအတေးထားပြီး အကြောင်းမဲ့ တိုက်ခိုက်နေတယ်လို့ပဲ ကျနော်ကတော့ ယူဆတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ သူတို့တိုက်ခိုက်တိုင်း အရပ်သားပြည်သူနဲ့ ကလေးငယ်တွေရဲ့ အသက်တွေ ဆုံးရှုံးနေကြရတယ်။ ပြည်သူတွေ အနေနဲ့လည်း အထူးအသိ၊ သတိရှိဖို့ လိုအပ်လာပြီပေါ့။ စစ်တပ်ကတော့ အဆုံးအစွန်အထိ ယုတ်မာရိုင်းစိုင်းလာပြီလို့ပဲ ပြောချင်တယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က စစ်ကြောင်းထိုးနယ် မြေရှင်းလင်းရေး မလုပ်တော့ဘဲ စခန်းအတွင်းကနေ လက်နက်ကြီးတွေ ပစ်ခတ်ကာ ခံစစ်အနေအထားနဲ့ ခုခံနေပြီး ဝေဟင်ကနေ လေယာဉ် အပါအဝင် ဒရုန်းယာဉ်၊ စက်တပ်လေထီးယာဉ်များနဲ့သာ အားပြုတိုက်ခိုက်လာနေတာ ဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းတော်လှန်ရေး ခေါင်းဆောင်တွေဆီက နေသိရပါတယ်။