
အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ စာသင်ကျောင်းပေါင်း ၂၀၀၀ နီးပါး ထိခိုက် ပျက်စီးခဲ့ရပြီး ကျောင်းအများစုကိုလည်း အရာအားလုံး ဆုံးရှုံးခဲ့ကြရတဲ့ မိသားစုတွေအတွက် ယာယီခိုလှုံစရာ နေရာအဖြစ် ပြောင်းလဲ အသုံးပြုနေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်ထားပါတယ်။
ကလေး သိန်းပေါင်းများစွာဟာ သူတို့ရဲ့ စာသင်ခန်းတွေ၊ ဆရာ/ဆရာမတွေ မရှိဘဲ ကျန်ခဲ့ပြီး စာသင်ကြားဖို့နဲ့ ကစားဖို့တောင် အခြေခံပစ္စည်းတွေ မရှိကြတော့သလို သူတို့ရဲ့ ပညာရေးနဲ့ ပုံမှန်ဘဝကို ပြန်လည်ရရှိဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးနေကြရပါတယ်လို့လည်းဆိုပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့တွေဟာ ထိခိုက်မှု အပြင်းထန်ဆုံးထဲက ကလေး ၁၁၀,၀၀၀ အတွက် အကူအညီတွေ ပေးအပ်ဖို့ ဆောင်ရွက်နေပြီး ဘေးကင်းတဲ့ သင်ကြားရေးနေရာ၊ ဆရာ/ဆရာမတွေအတွက် သင်တန်းနဲ့ အဓိကလိုအပ်တဲ့ သင်ကြားရေး ပစ္စည်းတွေ ထောက်ပံ့သွားမယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် ဧပြီ ၁၁ ရက်ထိ သေဆုံးသူ ၄၃၅၅ ယောက်ရှိပြီလို့ DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။
ဒါ့အပြင် အင်အားပြင်းငလျင်ကြောင့် လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေနဲ့ လမ်းတံတားတွေ အများအပြား ပျက်စီးသွားတာ ဖြစ်ပါတယ်။