DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ PDF က ပစ်ခတ်သဖြင့် စက်တပ်လေထီးမောင်းသူ ဒဏ်ရာရ
DVB
·
April 16, 2025
ပေါက်မြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ PDF က ပစ်ခတ်သဖြင့် စက်တပ်လေထီးမောင်းသူ ဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကို ဧပြီ ၁၄ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတာကြောင့် ပြည်သူတချို့ ဒဏ်ရာရရှိခဲ့ကြသလို PDF ဘက်က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေထီးမောင်းသူ ဒဏ်ရာရရှိသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ပေါက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ဆိပ်ဖြူ ကပစ ၂၂ က တက်လာတဲ့ စက်တပ်လေထီး ၂ စီးက ပေါက်နယ်ထဲက သနပ္ပင်ဇင်းရွာကို ဗုံး ၂ လုံးကြဲပြီးတော့ စက်လတ်တွေလည်း ပစ်သွားတယ်။ အဲဒီရွာက အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ ဗုံးစထိပြီး မစိုးရိမ်ရတဲ့ဒဏ်ရာတွေ ရခဲ့တယ်။ နောက်ပြီး လူနေအိမ်တွေက ၇ လုံး၊ ၈ လုံးလောက် ပျက်စီးသွားသေးတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ပြည်သူကို ပစ်မှတ်ထားပြီး တိုက်ခိုက်သွားခဲ့တာ ဖြစ်တယ်။ သနပ္ပင်ဇင်းရွာနားမှာက ကုက္ကိုစု ပျူရွာရှိနေလို့ ကတုံးပေါက်ကိုယ်တော်က တောင်းဆိုလို့ ဗုံးလာကြဲတာလို့ သတင်းကြားထားတယ်” လို့ ပြောပါတယ်။

သနပ္ပင်ဇင်းကျေးရွာကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်သွားကြတဲ့ စစ်ကောင်စီတပ်က စက်တပ်လေထီးတွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လေထီးမောင်းနှင်သူတယောက် ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

​မြိုင် ပကဖရဲ့ တာဝန်ခံ ဗိုလ်လက်ယျာက “သနပ္ပင်ဇင်းရွာကို ဗုံးသီးကြဲတိုက်ခိုက်ခဲ့တဲ့ စက်တပ်လေထီး ၂ စီးကို ကျနော်တို့ မြိုင်၊ ပေါက်၊ ကမ္မ ပကဖ စုဖွဲ့မှု လက်နက်ကြီးတပ်ဖွဲ့က အသင့်စောင့်ဆိုင်းပြီး ပွိုင့်ဖိုက်နဲ့ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၂ စီးထဲက မောင်းတဲ့ကောင် တယောက်ရဲ့ ပေါင်ကိုမှန်သွားလို့ ကစဥ့်ကလျားမောင်းပြီး ပြန်ပြေးသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အခုနှစ်ထဲမှာ မကွေးတိုင်းမြောက်ပိုင်းက ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေဘက်ကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ခပ်စိတ်စိတ် ပြုလုပ်လာနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ သင်္ကြန်ကာလမှာ လူစုလူဝေး မပြုလုပ်ကြဖို့နဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ အကြိမ်ကြိမ် သတိပေး ထုတ်ပြန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013