
ငလျင်ဘေးကြောင့် ကူညီကယ်ဆယ်ရေးလုပ်တွေလုပ်ဖို့ဆိုပြီး ဧပြီ ၂ ရက်နေ့မှာ အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီတပ်တွေဟာ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။
ငလျင်ကူညီကယ်ဆယ်ရေးအတွက် အပစ်ရပ်မယ် ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ဂျက်တိုက်လေယာဉ်တွေ၊ စက်တပ်လေထီး (Paramotor) တွေ၊ ဒရုန်းတွေ သုံးပြီး လေကြောင်းကနေ အကြိမ် ၆၈ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးကနေ ဧပြီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ဧပြီ ၃ ရက်ကနေ ၁၃ ရက်နေ့အထိ ရထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီတပ်တွေဟာ တိုင်းနဲ့ပြည်နယ် ၁၂ ခုကို လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် ပြည်သူပေါင်း ၆၄ ယောက် သေဆုံးခဲ့ပြီး ၈၃ ယောက် ဒဏ်ရာရခဲ့ကြပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ရဟန်းသံယာတွေ ပါဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
“ဒီလို လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလည်း ရှိခဲ့သလို မြေပြင်ကနေ စစ်ကြောင်းထိုးတဲ့အတွက် ထိတွေ့တိုက်ပွဲတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုးစစ်ရပ်စဲထားတဲ့ ကာလတွေမှာ အကြမ်းဖက်စစ်အုပ်စုက အခုလို လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ စစ်ကြောင်းထိုးမှုတွေကို ပြုလုပ်နေတာကြောင့် နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရေးယန္တရားတခုကို ထူထောင်စောင့်ကြည့်ဖို့ လိုအပ်မယ်ဆိုတာကို သတင်းစကားပေးလိုပါတယ်။”
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်ထွက်လာပြီးမှာပဲ သက်ြန်အကြတ်နေ့မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နားက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးလာကြဲသွားလို့ ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
အာရှလမ်းမကြီးကို ပြန်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးလာတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတာဖြစ်ပြီး ဒီနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကော့ဝါလဲ၊ ရေပူ၊ ငါးတိုင်၊ လှိုင်ကွယ်၊ ကျုံးဒိုးနားတဝိုက်က ပြည်သူတွေ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
လက်ရှိအချိန်မှာလည်း လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်နေပြီး ဂျိုင်းမြစ်တံတားကို ပိတ်ထားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်လာတဲ့ သူတွေဟာကော့ ကရိတ်မြို့ထဲမှာ ပိတ်မိနေတယ်လို့ ဆိုပါတယ်။
ကောကရိတ်မြို့ခံတယောက်က “စစ်သားတွေ အင်အားတိုးပြီးတော့ အာရှလမ်းမကို သူတို့ ရှင်းမလို့လား မသိဘူး။ အဲဒါ ရွာဘက်ခြမ်းတွေကို သူတို့ဦးတည်ပြီးတော့ ချနေတာ။ ရွာဘက်ခြမ်း အဲဒီတောက်လျှောက် ရွာတွေကတော့ ကော့ဝါလဲ၊ ရေပူ၊ ငါးတိုင်၊ လှိုင်ကွယ်တို့ အဲ့ဘက်ခြမ်းမှာ လေယာဥ်လာချသွားတာ ခံရတာပေါ့၊ အကုန်တလျှောက်ဘဲ တလမ်းလုံး” လို့ ပြောပါတယ်။
လက်ရှိ သင်္ကြန်ကာလအတွင်းမှာလည်း ငလျင်ဒဏ်အကြီးမားဆုံးခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း၊ ရခိုင်၊ ချင်းနဲ့ ကရင်ပြည်နယ်ဘက်တွေမှာလည်း လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်ခံနေရပြီး လူသေဆုံး ထိခိုက်မှုတွေရှိနေပေမဲ့ အတိအကျ မသိရသေးပါဘူး။
မောရစ်