
အင်အားပြင်းငလျင်ဘေးဒဏ် ခံလိုက်ရတဲ့ မန္တလေးမြို့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတာမှာ ဧပြီ ၁၅ ရက် ဒီနေ့ နေ့လယ်ပိုင်းက သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်း ၅ လောင်း ထပ်မံရှာဖွေတွေ့ရှိတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မန္တလေးမြို့၊ ၈၄ လမ်း၊ ၂၇ x ၂၈ လမ်းကြားရှိ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန အဆောက်အအုံပြိုကျမှုမှာ ပိတ်မိကျန်ရှိနေသူတွေကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယန္တရားတွေနဲ့ ရှာဖွေရာမှာ ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၂၇ မိနစ်မှာ အမျိုသား တယောက်ရဲ့ ရုပ်အလောင်း တွေ့ခဲ့ပြီး နေ့လယ် ၃ နာရီ ၂၃ မိနစ်မှာ အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အအုံပြိုကျတဲ့နေရာမှာလည်း ဒီနေ့ နေ့လယ် ၃ နာရီမှာ အမျိုးသား အလောင်းတလောင်း၊ ၃ နာရီ ၁၀ မိနစ်မှာ အမျိုးသား အလောင်း တလောင်းနဲ့ ၃ နာရီခွဲလောက်မှာ နောက်ထပ် အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းအား ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၄,၃၄၆ ယောက်၊ ဒဏ်ရာရသူ ၇,၈၃၀ ယောက်၊ ပျောက်ဆုံးနေသူ ၂၁၀ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၆၅၃ ယောက်ရှိပြီလို့ ဧပြီ ၉ ရက် ညနေ ၅ နာရီ အထိ DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။
ဒီအရေအတွက်ဟာ DVB မှ လက်လှမ်းမီသလောက်ရရှိထားတဲ့ ကိန်းဂဏန်းတွေသာဖြစ်ပြီး မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲ အခြေအနေ ဖြစ်တာကြောင့် သေဆုံးသူဦးရေ ထပ်တိုးနိုင်ပါတယ်။