
အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုရှိ ရီပတ်ဘလစ်ကန်ပါတီ ရုံးချုပ်နဲ့ တက်စ်လာကား အရောင်းကိုယ်စားလှယ်ဆိုင်ကို ပစ်မှတ်ထားခဲ့တဲ့ မကြာသေးခင်က မီးရှို့မှု ၂ ခုနဲ့ ဆက်စပ်ပြီး ဂျေမီဆင်န်ဝဂ္ဂနာ အမည်ရှိ အမျိုးသားတယောက်ကို ရာဇ၀တ်မှုနဲ့ စွဲချက်တင်ထားကြောင်း အမေရိကန်တရားရေးဌာနက ဧပြီ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။
ဧပြီ ၁၂ ရက် နေ့စွဲတပ်ထားတဲ့ မှုခင်းတိုင်ကြားချက်အရ ပထမအကြိမ် မီးလောင်မှုဟာ ဖေဖော်ဝါရီ ၉ ရက်မှာ နယူးမက္ကဆီကို တက်စ်လာ အရောင်းကိုယ်စားလှယ်ဆိုင်ကို မီးရှို့မှုနဲ့ ဒုတိယအကြိမ်မှာ မတ် ၃၀ ရက်က နယူးမက္ကဆီကို ရီပတ်ဘလစ်ကန် ပါတီဌာနချုပ်ကို မီးရှို့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
ဂျေမီဆင်န်ဝဂ္ဂနာကို မီးရှို့မှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားပြီး ထိခိုက်ဒဏ်ရာရသူတွေ မရှိခဲ့ကြောင်းနဲ့ တက်စ်လာ ဝိုင်မော်ဒယ်လ် မော်တော်ယာဉ် ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။
ဒီမီးရှို့မှုတွေနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်။ စေ့စပ်ညှိနှိုင်းခြင်းမပြုဘဲ ထောင်ဒဏ် အနှစ် ၄၀ အထိ ပြစ်ဒဏ်ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ရှေ့နေချုပ် ပါမီလာ ဘွန်ဒီ က လူမှုမီဒီယာမှာ ပို့စ်တင်ထားပါတယ်။
မကြာသေးခင်က တက်စ်လာ အရောင်းကိုယ်စားလှယ်ဆိုင်တွေနဲ့ အားသွင်းတဲ့နေရာတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ကြတာကို ထောင်ဒဏ် ပြင်းပြင်းထန်ထန် ချမှတ်နိုင်တဲ့ ပြည်တွင်းအကြမ်းဖက်မှုအဖြစ် အရေးယူဖို့လည်း ရှေ့နေချုပ် ပါမီလာဘွန်ဒီက ကတိပြုခဲ့ပါတယ်။
Source: Reuters