
ယူကရိန်းနိုင်ငံမြောက်ပိုင်း ဆူမီမြို့အလယ်ခေါင်ကို ဧပြီ ၁၃ ရက်က ရုရှား ပဲ့ထိန်းဒုံးကျည် ၂ စင်း ကျရောက်ခဲ့လို့ လူ ၃၅ ယောက် သေဆုံးကာ ၁၁၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး အခုနှစ်အတွင်း ယူကရိန်းအပေါ် အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
ဆူမီမြို့ ဘုရားကျောင်းတခုကနေ တိုက်ရိုက်ထုတ်လွှင့်မှု ဗွီဒီယိုထဲမှာ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေနဲ့အတူ ဘုရားကျောင်း အဆောက်အအုံတခုလုံး တုန်ခါသွားတဲ့ တိုက်ခိုက်မှု ၂ ခုလုံးရဲ့ အခိုက်အတန့်တွေကို မှတ်တမ်းဖမ်းယူရရှိခဲ့ပါတယ်။
သမ္မတ ဇလန်းစကီးဟာ ဒီတိုက်ခိုက်မှုအတွက် မော်စကိုကို နိုင်ငံတကာက ပြင်းထန်တဲ့ တုံ့ပြန်မှု လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဆူမီမြို့ရဲ့ ယာယီမြို့တော်ဝန် အာရ်တမ်ကော့ဘ်ဇာကတော့ တနင်္လာနေ့မှစတင်ပြီး သေဆုံးသူတွေအတွက် ၃ ရက်ကြာ ဝမ်းနည်းကြေကွဲကြောင်း ကြေညာခဲ့ပါတယ်။
မော်စကိုကတော့ ဒီတိုက်ခိုက်မှုဟာ ဆူမီမြို့မှာ ယူကရိန်းအရာရှိတွေနဲ့ “အနောက်နိုင်ငံ လုပ်ဖော်ကိုင်ဖက်”တွေနဲ့ အစည်းအဝေးကို ထိမှန်ခဲ့ကြောင်း ပြောပေမဲ့ ဘာသက်သေတစုံတရာမှ မပြသနိုင်ခဲ့ပါဘူး။
ဗြိတိန်၊ ဂျာမနီနဲ့ အီတလီ ခေါင်းဆောင်တွေကတော့ ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့သလို ထရမ့်ပ်ကလည်း ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရုရှားကို မေးမြန်းခဲ့ပြီး ဒါက ကြောက်စရာကောင်းတယ်လို့ မှတ်ချက်ပေးပါတယ်။
အောင်မြင်မှုရရှိဖို့ ရုန်းကန်နေရတဲ့ စစ်ပွဲကို အမြန်အဆုံးသတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ကလည်း တွန်းအားပေးထားပါတယ်။
ဆူမီမြို့မှာ ကျင်းပတဲ့ ယူကရိန်းစစ်ဘက်အရာရှိများ အစည်းအဝေးမှာ ရုရှား ဒုံးကျည် ၂ စင်း ကျရောက်ခဲ့တာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်က ဧပြီ ၁၄ ရက်မှာ အခိုင်အမာ ပြောပါတယ်။
ဆူမီမှာ ရုရှားတိုက်ခိုက်မှုရဲ့ ပစ်မှတ်က မာဖီးယားတွေရဲ့ စုဝေးမှုကို ဖော်ပြဖို့ သုံးထားတဲ့ “လူအုပ်” လို့ တံဆိပ်တပ်ထားတဲ့ ယူကရိန်းနဲ့ အနောက်နိုင်ငံ စစ်ဘက်ဆိုင်ရာ အရာရှိတွေရဲ့ အစည်းအဝေး ဖြစ်တယ်လို့လည်း ရုရှားနိုင်ငံထုတ် ခွန်မားဆန့်သတင်းစာနဲ့ အင်တာဗျူးမှာ ဆာဂီလာ့ဗရော့ဗ်က ပြောပါတယ်။
အနောက်နိုင်ငံက စစ်ဘက်အရာရှိတွေကို ကြေးစားစစ်သားတွေအဖြစ် အသွင်ပြောင်းထားတယ်လို့လည်း ရုရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ယူကရိန်းဟာ အရပ်သားတွေကို စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေမှာ ထားပြီး လူနေထူထပ်တဲ့ မြို့လယ်မှာ စစ်သားတွေပါတဲ့ အခမ်းအနားတွေ ကျင်းပရင်း အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချနေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။
“လူသားဒိုင်း”ဆိုတဲ့ စွပ်စွဲချက်အတွက် ယူကရိန်းအစိုးရက ချက်ချင်း မတုံ့ပြန်ပါဘူး။ ယူကရိန်းစစ်တပ်ရဲ့ စစ်ဆင်ရေးနည်းဗျူဟာအဖွဲ့လို့ ခေါ်တဲ့ အစည်းအဝေးကျင်းပရာနေရာဆီ အိုက်စ်ကန်ဒါ -M နည်းဗျူဟာမြောက် ဒုံးကျည် ၂ စင်းကို ရုရှားတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
Source: Reuters