
မြန်မာနိုင်ငံမှာ မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မိုးဇလဌာနက ကြိုတင်သတိပေးနှိုးဆော်ချက် ဧပြီ ၁၅ ရက်က ထုတ်ထားပါတယ်။
မိုးကြိုကာလဖြစ်တဲ့ ဧပြီလလယ်မှာ မြန်မာနိုင်ငံကို အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီ ကာလအတွင်း လေထုမငြိမ်မသက်မှုဖြစ်တာနဲ့ နေ့အပူချိန် တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်တွေဖြစ်ထွန်းပြီး မွန်းလွဲ/ညနေပိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းတာတွေ ကြောင့် လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်၊ မိုးသီးကြွေ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ် နိုင်တယ်လို့ ဆိုပါတယ်။
လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေဟာ တနာရီလျှင် မိုင် ၄၀ မှ မိုင် ၅ဝ အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ မိုးကြိုကာလ ဧပြီလလယ်မှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသဖြစ်စဉ်တွေကို အထူးဂရုပြုနေထိုင်သွားဖို့နဲ့ ပြည်တွင်း လေကြောင်းပျံသန်းရေးနဲ့ ရေကြောင်းခရီးစဉ်တွေ ကြိုတင်သတိပြုဖို့ အသိပေးနှိုးဆော်ထားပါတယ်။