DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဝမ်းတွင်း အမှတ် ၇ ချည်စက်ရုံဝန်ထမ်းများ အကူအညီလိုအပ်
DVB
·
April 15, 2025
ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဝမ်းတွင်း အမှတ် ၇ ချည်စက်ရုံဝန်ထမ်းများ အကူအညီလိုအပ်
1 / 3
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အမှတ် ၃ စက်မှုလုပ်ငန်းအောက်က အမှတ် ၇ ချည်စက်ရုံဟာ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ချိန်မှာ စက်ရုံတခုလုံးပြိုကျခဲ့တာကြောင့် စက်ရုံဝန်ထမ်း အပါအဝင် ၉ ယောက် သေဆုံးခဲ့ပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ  အကူအညီလိုအပ်နေတယ်လို့ ဝန်ထမ်းတွေထံက သိရပါတယ်။

စက်ရုံဝန်ထမ်းတယောက်က “အကုန်ပြိုကျသွားတယ်ဗျာ။ အခြေနေက ၂၈ ရက် ၁၂ နာရီ ၅၂ မိနစ်မှာပဲ ရုံးတွေရော၊ ရက်ကန်းရုံတွေရော၊ အဲဒီဟာ တပြိုင်တည်းပဲ ဖြစ်တဲ့အချိန်မှာ ပါသွားတယ်။ ရုံက အကုန်လုံးချည်မျှင်နဲ့ ကုန်ထုတ်ရုံးက ကုန်ထုတ်ဝန်ထမ်း ၃ ဦး၊ စာရေးမ ၃ ဦးအဲ့မယ် ပိပြားပြီးတော့ စာရေးမ ၃ ဦး ချက်ချင်းပဲ Dead Body ဖြစ်သွားတယ်။ ရက်ကန်းရုံထဲမှာကျတော့ ငါးဦး အဲ့ဒါလည်း Dead Body ဖြစ်သွားတယ်။ သူတို့ အလုပ်လုပ်နေတဲ့အချိန်မှာ မီးကလာနေတော့ ကိုယ်စီလုပ်နေတာ ကြောက်လန့်ပြီးတော့ နံရံပြေးကပ်ပြီးတော့ မှီတဲ့လူက ပြိုလဲပြီးတော့ သူတို့ Dead Body ဖြစ်ပြီး သူတို့ရဲ့ လုံခြုံမှုနေရာမဟုတ်ဘဲနဲ့ နံရံပြေးကပ်တော့ ထိတာပဲ”လို့ ပြောပါတယ်။

အဲဒီချည်စက်ရုံဟာ ၁၉၆၀ ပြည့်နှစ်က ပြည်သူပိုင် အသိမ်းခံခဲ့ရတဲ့ ရွှေဥဒေါင်းအထည်စက်ဖြစ်ပြီး ၆၅ နှစ်အကြာမှာ ငလျင်ကြောင့် စက်ရုံတစ်ခုလုံးနီးပါး ပြိုပျက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

စက်ရုံပျက်ကြီးကို အခုချိန်ထိ ရှင်းလင်းနိုင်တာ မရှိသေးဘဲ သူခိုးရန်ကြောင့် တရက်ကို လုံခြုံရေးဝန်ထမ်း ၁၂ ယောက်နဲ့ စက်ရုံကို ကင်းစောင့်နေကြရပါတယ်။

စက်ရုံပြိုကျချိန်မှာ စက်ရုံဝန်ထမ်းအမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၆ ယောက် အပါအဝင် ဝန်ထမ်းမိသားစုက အသက် ၃ နှစ်အရွယ် သားယောက်ျားလေး တယောက်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“စက်ရုံအခြေအနေကတော့ ထိခိုက်ဒဏ်ရာရတာ ၂၀ ကျော်လောက် သေတာကတော့၊ ကလေးရော ဘာရောဆို သေတာကတော့ ၉ ယောက်ပေါ့။ ဖော်ပြီးပြီ။ ဒီကောင်က ၃ လောင်းက နှစ်ရက်၊ သုံးရက်လောက်တော့ ကြာသွားတယ်။ သူ့နောက်က စက်ရုံကြီးရယ်၊ ရှေ့က အကုန်ပိတာ။ အဲဒီလို ဖြစ်တာ။ အပေါ်ကလည်း နှစ်ထပ်။ လူကတော့ စက်လည်တာရော ၂၀၀ ကျော်လောက်ရှိတယ်။ ရုံးပိုင်းဆိုင်ရာနဲ့ဆိုရင် ၂၀၇ ဦး။  ထိခိုက်ဒဏ်ရာရတာတွေရော အကုန်လုံး ပေါင်းလိုက်ရင် ၂၅ ယောက်လောက်တော့ ရှိတယ်။”

စက်မှုဝန်ကြီးဌာနအောက်က စက်ရုံတွေ ဖျက်သိမ်းတာ၊ အခုလို ပြိုကျပျက်စီးတာတွေ ဖြစ်လာတဲ့အခါ ဝန်ထမ်းတွေကို တခြားစက်ရုံရှိရာ တိုင်းနဲ့ပြည်နယ်တွေကို ပြောင်းရွှေ့ရလေ့ရှိပြီး ဝင်ငွေနည်းပါးတဲ့ သက်ကြီးဝန်ထမ်းတွေမှာ အခက်အခဲပိုဖြစ်လာပါတယ်။

ဝမ်းတွင်းချည်စက်ရုံ ပြိုပြီးတဲ့နောက် ဝန်ထမ်းအိမ်ရာမှာ နေထိုင်ကြတဲ့ ဝန်ထမ်းနဲ့ မိသားစုဝင်ဦးရေ ၂၀၀ နီးပါးရှိနေပြီး လာမယ့်လတွေမှာ စားဝတ်နေရေးအတွက် စိုးရိမ်စရာတွေ ဖြစ်လာတယ်လို့ ပင်စင်အသက်အရွယ် နီးလာပြီဖြစ်တဲ့ ဝန်ထမ်းတယောက်က ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ အလုပ်က Run လို့ မဖြစ်တော့ဘူးလေ။ အပေါ်ကချမှတ်ထားတဲ့ အမိန့်ကို နာခံကြည့်ရမှာပေါ့။ ကျနော်တို့ ရှေ့လျှောက်ပြန်တည်ဆောက်မလား၊ မဆောက်မလား။ မသိဘူး။ နိုင်ငံတော်က ကျနော်တို့က အဲဒါလေးတော့ သူ့အထက်က အမိန့်ညွှန်ကြားမှု ကိုယ် သဘောကျရင် ဆက်လုပ်၊ မကျရင် ဒါ တမျိုးတမည် လုပ်ရမှာပေါ့။”

ကျား ဝတ်၊ မ ဝတ် လုံချည်တွေကို ထုတ်လုပ်တဲ့ အမှတ် ၇ ဝမ်းတွင်းချည်စက်ဟာ မြစ်သား စက်ရုံခွဲ ဖြစ်ပြီး အမှတ် ၃ စက်မှုဝန်ကြီးလက်အောက်ရှိ အထည်စက်ရုံပေါင်း ၁၂ ရုံထဲက စက်ရုံခွဲရုံ တရုံ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဝမ်းတွင်းချည်စက်ဝန်ထမ်း အိမ်ရာတွေကိ သောက်သုံးရေ လာရောက် လှူဒါန်းတာတွေလည်း ရှိနေပြီး တခြားအကူညီတွေလည်း လိုအပ်နေကြတာ ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013