
အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် နေပြည်တော်မှာ ဆိုင်တွေက ငွေထုတ်ယူခနှုန်းထားတွေ ပြန်မြင့်တက်လာပြီး ငွေကျပ် ၁ သိန်း ထုတ်ယူပါက ငွေကျပ် ၆,၀၀၀ အထိ ထုတ်ခပေးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ငွေလွှဲငွေထုတ်ဆိုင်တွေမှာ မတ်လအတွင်းက ငွေကျပ် ၁ သိန်း ထုတ်ယူပါက ကျပ် ၁,၅၀၀ သတ်မှတ်ကောက်ယူနေရာကနေ အင်အားပြင်ငလျင် လှုပ်ခတ်အပြီး သင်္ကြန်နီးကပ်လာတဲ့ကာလ ဧပြီ ၁ ရက်ကနေ ၁၄ ရက်အထိ ငွေကျပ် ၆,၀၀၀ အထိ ပေးနေရတယ်လို့ ဆိုပါတယ်။
ပျဉ်းမနားဒေသခံ အမျိုးသမီးတယောက်က “ခေတ်ပျက်မှာ ချမ်းသာချင်နေကြတာ၊ စိတ်ထဲမကောင်းဘူး။ ပြီးခဲ့တဲ့ ရက်တွေကပဲ ၁ ဒသမ ၅ ရာခိုင်နှုန်း တသိန်းကို ၁,၅၀၀ နှုန်း ရှိခဲ့သေးတယ်။ ငလျင်လှုပ်ပြီး ၂ ရက်လောက်အကြာမှာပဲ ၆ ရာခိုင်နှုန်း ဖြစ်သွားတာ၊ ထပ်ပြီးတက်ဦးမယ်လို့လည်း ငွေထုတ်ပေးသူတွေဆီက ကြားခဲ့ရတယ်” လို့ ပြောပါတယ်။
နေပြည်တော်က ငွေလွှဲငွေထုတ်ဆိုင်တွေမှာ ငွေထုတ်ယူခနှုန်းထား တိုးမြှင့်တောင်းခံနေတာဟာ သင်္ကြန်ကာလ ငွေထုတ်ယူသူ များပြားတာကြောင့် တဟုန်ထိုး မြင့်တက်သွားရတာလို့ ငွေလွှဲငွေထုတ် လုပ်ကိုင်သူတွေက ဆိုပါတယ်။
ငွေလွှဲလုပ်ငန်းရှင်တယောက်က “ဘဏ်တွေလည်းပိတ်တော့ ဒီဘက်ကို ပြုံကျနေတာ။ သင်္ကြန်ကာလနဲ့ ငွေထုတ်တဲ့သူတွေ အရင်ကထက် ပိုများတယ်။ ငွေထုတ်ဆိုင်တွေက သင်္ကြန်ပိတ်ရက်တွင်းလည်း မထုတ်ပေးဘူး ဆိုတော့ ဒီရက်ပိုင်းအတွင်း ထုတ်သူတွေ များတာ။ ဒါကြောင့် ငွေသားက ပိုလိုအပ်နေတော့ ငွေသားဈေးက ရက်ပိုင်းလေးတွင်း တက်လာတာ” လို့ ပြောပါတယ်။
နေပြည်တော်မှာ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေပါ ပြတ်တောက်နေပြီး ငွေလွှဲငွေထုတ် လုပ်ရာမှာလည်း အရင်လို ပုံမှန် ဆိုင်တိုင်းနီးပါး ငွေလွှဲ ငွေထုတ် လုပ်မရတဲ့အထိ ဖြစ်နေပါတယ်။
ဒါ့အပြင် သင်္ကြန်ကာလ ငွေလွှဲငွေထုတ် လုပ်ပေးနေတဲ့ ဆိုင်တချို့ ပိတ်ထားတာကြောင့် ငွေကြေးလိုအပ်ချက်ရှိသူတွေက အများအပြား ထုတ်ယူနေတာကြောင့်လည်း အခုလို ဈေးထိုးတက်နေတာလို့ ဆိုပါတယ်။