DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် အစ္စရေး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃၇ ဦးသေဆုံး
DVB
·
April 14, 2025
ဂါဇာတွင် အစ္စရေး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃၇ ဦးသေဆုံး
Donate to DVB

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဧပြီ ၁၃ ရက်မှာ မနားတမ်း ဗုံးကြဲတိုက်ခိုက်လို့ လူ ၃၇ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဆာလောင်ငတ်မွတ်နေတဲ့ ပါလက်စတိုင်းတို့ကို အစားအစာ ပံ့ပိုးပေးနေတဲ့ စေတနာ့ဝန်ထမ်း ညီအစ်ကို ၆ ယောက်လည်း သေဆုံးသူတွေထဲမှာ ပါသွားခဲ့ပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု အပြီးမှာ ပါလက်စတိုင်း အရပ်ဘက်ကာကွယ်ရေး အဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသက ဂျာဘာလီယာမြို့မှာ ပျက်စီးသွားတဲ့ နေအိမ်အပျက်အစီးတွေကြားမှာ ရှာဖွေခဲ့ကြတယ်၊ ဂါဇာမြို့တော်က အယ်လ် အာလီ အာရပ်ဆေးရုံကို အစ္စရေးတပ်တွေက ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် ဆေးကုပြုစုမှု အနှောင့်အယှက်ဖြစ်ခဲ့လို့ ပါလက်စတိုင်း ကလေးငယ်တယောက် သေဆုံးခဲ့ရတယ်လို့ WHO က ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ ကြီးကြပ်နေတဲ့ ဂါဇာကမ်းမြောင်တောင်ပိုင်းက ခန်းယူးနစ်မြို့ အနီးတဝိုက်မှာ အရုဏ်တက်ချိန်က အစ္စရေးတို့ရဲ့ တိုက်ခိုက်မှု နောက်တခုက အိုးမဲ့အိမ်မဲ့မိသားစုတွေအတွက် ခိုလှုံရေးစခန်းတခုကို ထိမှန်ခဲ့ပါတယ်။

ခန်းယူးနစ်မြို့ ရဲစခန်းရဲ့ အကြီးအကဲ အပါအဝင် ပါလက်စတိုင်း ၁၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဟားမတ်စ်နဲ့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

အီဂျစ်၊ ကာတာနဲ့ အမေရိကန်တို့က အစ္စရေးနဲ့ ဟားမတ်စ် နှစ်ဖက်ကြားက ကွာဟချက်တွေကို ပေါင်းကူးဖို့ ကြိုးပမ်းနေလို့ ရပ်တန့်နေတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကယ်တင်ဖို့ ဟားမတ်စ်ခေါင်းဆောင်တွေနဲ့ အီဂျစ်မြို့တော် ကိုင်ရိုမှာ စတင် ဆွေးနွေးနေချိန်မှာ ခုလို တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။

ဟူသီသူပုန်အဖွဲ့က အစ္စရေးရဲ့ အဓိကလေဆိပ်ကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အခိုင်အမာ ပြောပါတယ်။

ယီမင်မြို့တော် ဆာနာမြို့နားကို အမေရိကန်က တိုက်ခိုက်တဲ့အတွက် လူ ၆ ယောက် သေဆုံးပြီး အယောက် ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ယီမင်တာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်း ၅၀,၉၄၄ ယောက်ထက်မနည်း သေဆုံးပြီး ၁၁၆,၁၅၆ ယောက် ဒဏ်ရာရတယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး အယ်လ်ဂျာဇီးယား သတင်းဌာနက ဧပြီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေသူပေါင်း ထောင်ချီဟာ သေဆုံးနေခဲ့ပြီးပြီလို့ အစိုးရသတင်းမီဒီယာရုံးက ယူဆထားလို့ စုစုပေါင်း သေဆုံးသူ ဦးရေ ၆၁,၇၀၀ ကျော်ရှိပြီလို့ ပါလက်စတိုင်း အစိုးရမီဒီယာရုံးက ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ လူ ၁,၁၃၉ ယောက် သေဆုံးခဲ့ပြီး ၂၀၀ ကျော်ကို ဖမ်းဆီးထားခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013