
မကွေးတိုင်း၊ မကွေး-ရေနံချောင်း ကားလမ်းပေါ်မှာရှိတဲ့ မကွေးဗဟိုအကျဥ်းထောင် (ဒေါင်းသေထောင်)မှာ ဧပြီ ၁၃ ရက် ညနေပိုင်းက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ ထောင်ဝန်ထမ်းတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မကွေးထောင်နဲ့ နီးစပ်သူတယောက်က “ညနေ ၄ နာရီနဲ့ ၅ နာရီကြားမှာ ထောင်အတွင်းထဲကနေ ပေါက်ကွဲသံကြားလို့ သေချာမေးကြည့်တော့ ထောင်အတွင်းထဲကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတာလို့ သိရတယ်။ ဗုံးသီးက မိန်းဂျေးနားကို ကျပေါက်တာ၊ ထောင်ဝန်ထမ်းတချို့ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ပဲ သိရသေးတယ်။ အကျဥ်းသားတွေ ဘာဖြစ်ကြတယ် ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာ ထုတ်ပြန်လာတာတော့ မတွေ့ရှိရသေးပါဘူး။
ထောင်ရှေ့ကို ရောက်ရှိခဲ့သူတယောက်က “အဲဒီဖြစ်စဥ်ဖြစ်ပြီးနောက်ပိုင်း အကျဥ်းသားတွေဘက်က သူတို့လုံခြုံရေးအတွက် တောင်းဆိုတာတွေလုပ်ခဲ့လို့ ထောင်ဆူတယ်။ ထောင်အာဏာပိုင်တွေနဲ့ ဘယ်လိုညှိနှိုင်းလိုက်တယ်တော့မသိဘူး၊ ည ၇ နာရီလောက်မှာ ငြိမ်သွားတော့ ကျနော်တို့လည်း ပြန်လာကြတာ” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဥ်နဲ့ ပတ်သက်ပြီး မကွေးတိုင်း အကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းမင်းစိုး ဆီကို DVB က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက် မကွေးတိုင်း၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းထဲက တခြား၀န်ကြီးဌာနတွေက ၀န်ကြီးတွေနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို မကွေးဗဟိုအကျဥ်းထောင်မှာ ဖမ်းဆီးထားတာ ၄ နှစ် ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။