အပြိုင်အဆိုင်ဖြစ်နေတဲ့ ကမ္ဘာ့ထိပ်တန်း AI ကုမ္ပဏီခေါင်းဆောင်တွေက နည်းပညာဖွံ့ဖြိုးမှုကို ပိုသတိထားပြီး အရှိန်လျှော့ဖို့ ရှားရှားပါးပါး သဘောတူ မှတ်ချက်ပေးခဲ့ကြပါတယ်။
Anthropic CEO ဒါရီယို အမိုဒီက AI ဖွံ့ဖြိုးမှုအရှိန်ကို မလျှော့ရင် တနှစ်အတွင်း AI agent အစုအဖွဲ့တွေက အင်တာနက်တခုလုံးကို ထိန်းချုပ်နိုင်တဲ့အဆင့်အထိ ရောက်လာနိုင်တယ်လို့ သတိပေးခဲ့ပြီးတော့ AI ဖွံ့ဖြိုးမှုအရှိန် နှေးကွေးစေဖို့ တောင်းဆိုခဲ့ပါတယ်။
သူ့အစီအစဉ်မှာ AI ကုမ္ပဏီတွေရဲ့ လုံခြုံရေးလုပ်ငန်းစဉ်တွေကို လွတ်လပ်တဲ့ စစ်ဆေးသူတွေ ဝန်ထမ်းတွေလိုပဲ ဝင်ရောက်စစ်ဆေးနိုင်ဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် ထိပ်တန်း AI ကုမ္ပဏီတွေကြား လုံခြုံရေးစံနှုန်းညှိနှိုင်းရေးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း အမိုဒီက တောင်းဆိုပါတယ်။
xAI ပိုင်ရှင် အီလွန်မတ်စ်ခ်ကလည်း “ဒါရီယို ပြောတာ မှန်တယ်” လို့ ထောက်ခံပြီး AI အန္တရာယ်ကို သူ နှစ်ပေါင်းများစွာ သတိပေးလာခဲ့တယ်လို့ ဆိုပါတယ်။
OpenAI CEO ဆမ်အော်လ်မန်ကလည်း “AI နည်းပညာရဲ့ ရှေ့ဆုံးဖွံ့ဖြိုးမှုအရှိန်ကို ထိန်းညှိဖို့ လိုတယ်ဆိုတာ ဒါရီယိုနဲ့ ကျနော် သဘောတူပါတယ်” လို့ ပြောပါတယ်။
လွတ်လပ်တဲ့ အကဲဖြတ်သူတွေကို ဝန်ထမ်းတွေလိုပဲ အတွင်းပိုင်းအချက်အလက်တွေ စစ်ဆေးခွင့်ပေးမဲ့စနစ်ကို OpenAI ကလည်း ကျင့်သုံးမယ်လို့ အော်လ်မန်က ပြောပါတယ်။
Google DeepMind ပူးတွဲတည်ထောင်သူ ဒမစ်ဟက်ဆာဘစ် ကလည်း အသေးစိတ်အချက်တွေ ဆက်ညှိဖို့လိုပေမဲ့ “အခြေခံဦးတည်ချက်က မှန်ကန်တယ်” လို့ ထောက်ခံပါတယ်။
AI agent တချို့က ပြင်ပကွန်ပျူတာစနစ်တွေကို ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ AI လုံခြုံရေးသုတေသီတွေ အလုပ်ကထွက်သွားခဲ့တာတွေကြောင့် စိုးရိမ်မှု မြင့်တက်လာပါတယ်။
ဒါပေမဲ့ AI ကုမ္ပဏီကြီးတွေနဲ့ မသက်ဆိုင်တဲ့ လုံခြုံရေးပညာရှင်တချို့က ဒီအစီအစဉ်အပေါ် သံသယရှိနေပြီး အန္တရာယ်တွေ ပေါ်လာပြီးမှ အခုလိုပြောနေတာတွေဟာ “မဖြစ်စလောက်ဖြစ်လွန်း နောက်ကျလွန်းတယ်” လို့ ဝေဖန်ပါတယ်။
AI ပညာရှင် စတူးဝပ်ရပ်ဆဲလ်က ဖွံ့ဖြိုးမှုအရှိန်ကို အရင်သတ်မှတ်ပြီး လုံခြုံရေးနောက်က လိုက်တာဟာ “လုံးဝ ပြောင်းပြန်ဖြစ်နေတယ်” လို့ဆိုပြီး လုံခြုံရေးစံနှုန်း ပြည့်မီမှသာ နည်းပညာကို ရှေ့ဆက်သင့်တယ်လို့ ပြောပါတယ်။
AI ပညာရှင် ဒေးဗစ်ခရူဂါကလည်း ရှေ့ဆောင် AI ဖွံ့ဖြိုးမှုကို နိုင်ငံတကာအဆင့် ချက်ချင်း အကန့်အသတ်မရှိ ဆိုင်းငံ့ထားသင့်တယ်လို့ တောင်းဆိုထားပါတယ်။











