DVB Logo
Home
မြန်မာသတင်း
ငလျင်ဘေးအကူငွေ ကန်ဒေါ်လာ ၅၅ သန်းကျော် စစ်အုပ်စုအတွက် အထောက်အပံ့ဖြစ်နိုင်
DVB
·
April 13, 2025
ငလျင်ဘေးအကူငွေ ကန်ဒေါ်လာ ၅၅ သန်းကျော် စစ်အုပ်စုအတွက် အထောက်အပံ့ဖြစ်နိုင်
Donate to DVB

မြန်မာနိုင်ငံ ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် ကုမ္ပဏီတွေရဲ့ လှူဒါန်းငွေ အမေရိကန် ဒေါ်လာ ၅၅ သန်းကျော်ဟာ စစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ နိုင်ငံတဝန်း လူထုအပေါ် ကျူးလွန်နေတာတွေအတွက် အထောက်အပံ့ဖြစ်သွားနိုင်တယ်လို့ Justice For Myanmar က ဧပြီ ၁၂ ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ဖျက်အားပြင်းငလျင်ကြီးအပြီးမှာ စစ်အုပ်စုဟာ နိုင်ငံတကာကုမ္ပဏီတွေနဲ့ မြန်မာခရိုနီတွေဆီက အလှူငွေတွေ တောင်းခံခဲ့ပါတယ်။

နိုင်ငံစုံအလှူရှင်တွေက စစ်တပ် ထိန်းချုပ်ထားတဲ့ လမ်းကြောင်းတွေကတဆင့် အလှူငွေတွေ ပေးအပ်ခဲ့ကြပြီး အဲဒီထဲမှာ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးကုန်စည်လက်လီဖြန့်ဖြူးရေးကုမ္ပဏီ AEON၊ တရုတ်စီးပွားရေးလုပ်ငန်းစုကြီး CITIC Group နဲ့ China National Petroleum Corporation (CNPC) တို့ ပါဝင်ပါတယ်။

AEON 1% Club Foundation ဟာ ဧပြီ ၂ ရက်မှာ ယွမ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၇၀,၀၀၀) တန်ဖိုးရှိတဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို တိုကျိုမြို့က စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြန်မာသံရုံးဆီကို လှူဒါန်းခဲ့ပါတယ်။

တရုတ်-မြန်မာရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို လုပ်ကိုင်တဲ့ CNPC ကုမ္ပဏီကလည်း ဧပြီ ၈ ရက်နေ့မှာ စစ်အုပ်စုရဲ့ မန္တလေးအစိုးရဆီကို အမေရိကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်းခဲ့ပါတယ်။

ဧပြီ ၁ ရက်က စစ်အုပ်စုကျင်းပခဲ့တဲ့ အခမ်းအနားတခုမှာတော့ မြန်မာခရိုနီတွေက အများဆုံး လှူဒါန်းခဲ့ကြတာကို စစ်အုပ်စုမီဒီယာတွေမှာဖော်ပြထားပြီး မြန်မာခရိုနီတွေနဲ့ စီးပွားရေးမိတ်ဖက်တွေဟာ ငွေသား ကျပ်သန်းပေါင်း ၁ သိန်းကျော်(စစ်အုပ်စုရဲ့ ငွေလဲနှုန်းနဲ့ တွက်ချက်ရင် အမေရိကန်ဒေါ်လာ ၄၉ သန်းကျော်) နောက်ထပ် ကျပ်သန်းပေါင်း ၁၂,၄၀၀ (ဒေါ်လာ ၅ ဒသမ ၉ သန်း) တန်ဖိုးရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်တွေဆီ တိုက်ရိုက်လှူဒါန်းခဲ့တယ်လို့ Justice For Myanmar က ဆိုပါတယ်။

Justice For Myanmar က ဖော်ထုတ်နိုင်ခဲ့တဲ့ အလှူရှင်တွေထဲမှာ ကမ္ဘောဇဘဏ်က ဇော်လင်းအောင်၊ ရွှေတောင်အုပ်စုက အောင်ဇော်နိုင်၊ အိုင်ဂျီအီးအုပ်စုက နေအောင်၊ မက်စ်အုပ်စုက ဇော်ဇော်၊ စီဘီဘဏ်က ခင်မောင်အေး၊ အောင်မြင်သူအုပ်စုက လှမျိုးနဲ့ စူပါဆဲဗင်းစတားအုပ်စုက မြင့်ဇော်သိန်းတို့အပြင် စစ်လက်နက်ပွဲစား ထူးအုပ်စုရဲ့ လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ဂုဏ်ပြုမှတ်တမ်းအရ ငွေကျပ်သန်း ၁,၀၀၀ လှူဒါန်းခဲ့တာကို သိရကြောင်း ဆိုပါတယ်။

စစ်အုပ်စုဟာ အလှူငွေတွေ လက်ခံဖို့ ပုဂ္ဂလိကဘဏ်တွေအပြင် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်ကို သုံးပြီး ဂျပန်နိုင်ငံမှာလည်း MUFG ဘဏ်အကောင့်တခုကတဆင့် တိုက်ရိုက် အလှူငွေ လက်ခံနေတယ်လို့ ဖော်ပြထားပါတယ်။

ငလျင်ဘေးကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရပေမဲ့ မြန်မာစစ်အုပ်စုဟာ ရက်စက် ကြမ်းကြုတ်တဲ့ လေကြောင်းတိုက်ခိုက်တာကိုဆက်လုပ်ခဲ့ပြီး လူမှုစာနာမှုဆိုင်ရာ ဘေးဆိုးကြီးကို ပိုဆိုးဝါးစေခဲ့သလို လူမှုစာနာအကူအညီတွေကို လက်နက်အဖြစ်အသုံးပြုခဲ့တာကို သတင်းတွေက အတည်ပြုနေတယ်လို့ ဆိုပါတယ်။

ပြီးတော့ လူမှုစာနာအကူအညီတွေကို ပိတ်ပင်တာ၊ သိမ်းဆည်းတာ၊ ကယ်ဆယ်ရေး လုပ်ငန်းတွေကို သူတို့အကျိုးအမြတ်အတွက် အမြတ်ထုတ်တာ၊ တဖက်မှာလည်း ကူညီကယ်ဆယ်ရေးနဲ့ ဆေးဘက်ဆိုင်ရာလုပ်သားတွေကို ပစ်မှတ်ထားစောင့်ကြည့်တာတွေ လုပ်သလို သတင်းမီဒီယာနဲ့ ဆက်သွယ်ရေးကိုလည်း တင်းကျပ်ကန့်သတ်ပိတ်ပင် ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အကူအညီတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမျိုးစုတော်လှန်ရေး အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းကွန်ရက်တွေနဲ့ တိုင်ပင်ပြီး ရပ်ရွာလူထု ဦးဆောင်အဖွဲ့တွေ၊ ဘေးအန္တရာယ်ဖြစ်ပွားတဲ့ မြေပြင်မှာ ကူညီလုပ်ဆောင်သူတွေကတဆင့် တိုက်ရိုက်ပေးအပ်ပြီး၊ စစ်အုပ်စုကို ကျော်လွှားဖို့ နိုင်ငံတကာအသိုက်အဝန်းဆီကို Justice For Myanmar အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်က တောင်းဆိုထားပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စီးပွားရေးလုပ်ငန်းတွေရဲ့ ကူညီထည့်ဝင်မှုတွေက စစ်အုပ်စုရဲ့ ကမ်းကုန်အောင် ဆိုးဆိုးရွားရွား ကျူးလွန်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အထောက်အပံ့မဖြစ်ဖို့ ဥပဒေအရဖြစ်စေ၊ ကျင့်ဝတ်အရဖြစ်စေ တာဝန်ရှိပါတယ်။  မြန်မာခရိုနီတွေက အကူအညီ ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အရင်ကတည်းက စစ်အုပ်စုကို ငွေတွေ ပံ့ပိုးခဲ့ပြီး စစ်အုပ်စုရဲ့ ရာဇဝတ်မှုကြီးတွေမှာ ကြံရာပါပတ်သက်ခဲ့ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ငလျင်ဘေးကယ်ဆယ်ရေးလုပ်ဖို့ ယာယီအပစ်ခတ်ရပ်မယ်လို့  ကြေညာထားပေမဲ့ နိုင်ငံတဝန်းမှာ  လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေကို အဆက်မပြတ် ပြုလုပ်နေပါတယ်။

မတ် ၂၈ ရက်ကနေ ဧပြီ ၁၁  ရက်အထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ  ၁၆၆ ကြိမ် ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁၅ ယောက် သေဆုံးခဲ့ရတယ်လို့ DVB  Data အဖွဲ့က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013