
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်ထဲက ကျေးရွာအုပ်စု ၁၀ ခုမှာ ခရုကိုက်လို့ စပါးခင်းဧက ၁၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံလယ်သမားတွေဆီက စုံစမ်းသိရှိရပါတယ်။
ဒေးဒရဲမြို့နယ်တွင်းရှိ ဂွလေး၊ ပျဉ်ထောင်စု၊ အပေါင်ကြီး စတဲ့ ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံရွာသားတယောက် မွေးထားတဲ့ ခရုတွေ လယ်ထဲရေလျှံတဲ့အခါ တခြားလယ်ကွက်တွေ ဆီပါ ပျံ့နှံ့သွားတာလို့ ဂွလေးကျေးရွာအုပ်စုက လယ်သမား ဦးဝင်းနိုင်က ပြောပါတယ်။
“မီးချောင်းအိုင်ဘက်က လူတယောက်က မော်လမြိုင်ဘက်က ယူလာတာလို့ ပြောတယ်။ လှလို့ဆိုပြီး ယူလာပြီးတော့ သူ့ကန်ထဲမှာ မွေးတယ်။ မွေးထားတာကနေ ပွားပွားလာလိုက်တာ သူ့ကန်နဲ့ မဆံ့တော့ ကန်ဖွင့်ချလိုက်တာကနေ လယ်တွေထဲ ပျံ့ကုန်ကြတာ။ ခရုက ရွှေရောင် အခွေလေးဗျ။ စိုက်ပျိုးရေးက လူတွေက ရွှေခရုလို့ ခေါ်ကြတယ်။ ကျနော်တို့ မျိုးကြဲလိုက်လို့ ၁၄-၅ ရက်ဆို အပင်လေးတွေက လက် ၃-၄သစ် ဖြစ်လာပြီ။ အဲ့ဒီအချိန်မှာ ခရုက စ ကိုက်တာပဲ။ အောက်ခြေကနေ ကိုက်ပစ်လိုက်တာ တကွက်လုံးကို ပြောင်ရောပဲ။ ခရုကိုက်မှန်းသိလို့ လယ်တွေကို ရေပြောင်အောင် လွှတ်တယ်။ ရေပြောင်အောင်လွှတ်ပြီး ခရုတွေလိုက်ကောက်တာ လယ် ၁ ဧကဆိုရင် ခရုက ၁ တင်းခွဲအိတ်နဲ့ ၂ အိတ်ရတယ်။ ဆေးဖျန်းလည်း ခဏပဲ မရဘူး၊ ပြန်ပွားလာတာပဲ။”
သူစိုက်ပျိုးထားတဲ့ မိုးစပါးဧက ၆၀ ကျော် ခရုကိုက်လို့ ပျက်စီးသွားပြီလို့လည်း ပြောပါတယ်။
ဂွလေး၊ ပျဉ်ထောင်စု၊ အပေါင်ကြီး စတဲ့ ကျေးရွာအုပ်စု ၁၀ ခုက လယ်ဧကပေါင်း ၂၀၀၀ ကျော်အနက် ၁၀၀၀ ကျော်ဟာ ခရုကိုက်လို့ ပျက်စီးဆုံးရှုံးခဲ့ပြီး သက်ဆိုင်ရာက လာရောက်ကြည့်ရှုသွားပေမယ့် ခုချိန်ထိ တစုံတရာ လုပ်ဆောင်ပေးတာ မရှိသေးဘူးလို့လည်း သိရပါတယ်။
ဒေးဒရဲမြို့နယ်အတွင်း အခုလို ခရုကိုက်လို့ စပါးခင်းပျက်ရတာ ဒါ ပထမဆုံး ကြုံတွေ့ရတာဖြစ်ပြီး ပျက်စီးဆုံးရှုံးခဲ့တဲ့ လယ်သမားတွေအနေနဲ့ ဆောင်းသီးနှံစိုက်ဖို့နဲ့ စိုက်ပျိုးစရိတ်ချေးငွေဆပ်ဖို့ အခက် တွေ့နေကြပါတယ်။










