ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တွေ ဥပုသ်သီလဆောက်တည်တဲ့ တန်ခူးလပြည့်နေ့ဖြစ်လို့ ဘုန်းကြီးကျောင်းမှာ သီလလာယူတဲ့ ဥပုသ်သည် ၅ ယောက် ဒဏ်ရာအပြင်းအထန်ရပြီး အသေးစားထိခိုက်သူလည်း အယောက် ၂၀ လောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြခတ်ရွာခံတယောက်က “ဘာတိုက်ပွဲမှမရှိဘူးဗျ။ အဲဒီဘုန်းတော်ကြီးကျောင်းက ဒီပဲယင်းမြို့သိမ်း တိုက်ပွဲတုန်းက စစ်ရှောင်လာတဲ့ စစ်ဘေးရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းဗျ။ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်လော်ဘီချန်နယ်ကနေ လေယာဉ်နဲ့ပစ်ပေးဖို့ တင်တင်နေလို့ စစ်ဘေးရှောင်တွေ နေရာရွှေ့ထားလို့ အသေအပျောက်နည်းသွားတာ။ နို့မို့ဆိုရင်မတွေးဝံ့စရာ အစ်ကိုရေ။ အခုတော့ စစ်ဘေးရှောင်တွေနေတဲ့ ကျောင်းပေါ်တလုံး၊ ဘုန်းတော်ကြီးကျောင်းပေါ်တလုံး စုစုပေါင်းဗုံးသီး ၂ လုံး ချသွားတာဗျ။ အဲလိုချလို့ ကိုရင် ၃ ပါးနဲ့ စစ်ဘေးရှောင် ၂ ဦး နေရာတင် သေဆုံးရတယ်။ နောက်ထပ်ပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်ဗျ။ ကျောင်းဆောင်တွေလည်းပျက်စီးတယ်” လို့ ပြောပါတယ်။





ကြာခတ်ရွာဟာ စစ်တပ်အထိုင်ချရာ စိုင်ပြင်ကြီးရွာနဲ့ ဒီပဲပင်းမြို့ကြားမှာရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီပဲယင်းညီနောင်များအဖွဲ့တာဝန်ရှိသူက “စစ်တပ်က လေယာဉ်နဲ့ပစ်လို့ မန္တလေးမြို့ဘက်ကနေ ငလျင်လာရှောင်တဲ့ ပလောင်တိုင်းရင်းသား ကိုရင်လေး ၂ ပါးနဲ့ ရွာကကိုရင် ၁ ပါး၊ ဒီပဲယင်းမြို့ပေါ်က စစ်ဘေးရှောင်နေတဲ့ စစ်ရှောင်အမျိုးသားကြီး ၁ ဦး၊ ကပ္ပိယအမျိုးသား ၁ ဦး၊ စုစုပေါင်း ၅ ဦး သေဆုံးရတယ်ဗျ။ အလောင်းတွေကတော့ မပီသတော့ဘူး။ အသားစတွေ တစစီ လိုက်ကောက်ယူခဲ့ရတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ကနီနဲ့ မင်းကင်းမြို့တို့ကိုလည်း ဧပြီး ၁၁ ရက်နဲ့ ၁၂ ရက် ဒီနေ့မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၆ ယောက်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။