
နေပြည်တော်လမ်းလျှောက်သင်္ကြန်ဧရိယာအတွင်း ရေအေးသင်္ကြန်နဲ့ စတုဒီသာမဏ္ဍပ် ဆောက်လုပ်နေတာကို ဧပြီ ၁၁ ရက်က စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီး သွားရောက်ကြည့်ရှု့ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီဒီယာတွေကနေ သိရပါတယ်။
မူလက အရင်နှစ်တွေအတိုင်း လမ်းလျှောက်သင်္ကြန် ပြုလုပ်ဖို့အတွက် မြို့တော်ဝန်မဏ္ဍပ်အပါအဝင် ဝန်ကြီးဌာန တခုချင်းအလိုက် ရေကစားဖို့နဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေ ဆောက်လုပ်နေပေမဲ့ မတ်လ ၂၈ ရက် ငလျင်ကြောင့် ဖျော်ဖြေရေးမဏ္ဍပ်တွေကို ဖျက်ပြီး အခုလို ကျင်းပဖို့ ထပ်မံစီစဉ်တာ ဖြစ်ပါတယ်။
အပျော်အပါးသီဆိုကာခုန်တာတွေ မပါဘဲ ရိုးရာယဉ်ကျေးမှုနဲ့အညီ နိုင်ငံတော်က အေးချမ်းသာယာတဲ့သင်္ကြန် အေးသင်္ကြန်အဖြစ် ကျင်းပမှာဖြစ်တာကြောင့် လမ်းလျှောက်သင်္ကြန်ကိုလည်း အေးသင်္ကြန်အဖြစ် ပြောင်းလဲကျင်းပတာလို့ ဆိုပါတယ်။
နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုကျင်းပတာလို့ စစ်ကောင်စီမီဒီယာတွေက ဆိုပါတယ်။
ဒီလမ်းလျှောက်သင်္ကြန်မှာ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် ပါဝင်နိုင်ဖို့ ကြိုးပမ်းနေတာကို ဂုဏ်ပြုတဲ့အနေနဲ့ သနပ်ခါးလိမ်း သရုပ်ဖော်တာတွေ၊ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်၊ ခြေသည်း၊ လက်သည်း လှီးဖြတ်ပေးတာတွေ၊ နေ့စဉ် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စတုဒီ သာကျွေးတာတွေ။ သပြေခက်နဲ့ ရေပက်ကစားတာတွေသာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။