DVB Logo
Home
မြန်မာသတင်း
နေပြည်တော် ငလျင်ဒဏ်သင့် အပျက်အစီးများကို ဘတ်ဟိုး ၁ စီး ကျပ် ၅ သိန်းဖြင့် ကိုယ်ထူ ကိုယ်ထ ငှားရမ်းရှင်းလင်းနေရ
DVB
·
April 12, 2025
နေပြည်တော် ငလျင်ဒဏ်သင့် အပျက်အစီးများကို ဘတ်ဟိုး ၁ စီး ကျပ် ၅ သိန်းဖြင့် ကိုယ်ထူ ကိုယ်ထ ငှားရမ်းရှင်းလင်းနေရ
1 / 7
Donate to DVB

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာ ငလျင်ဒဏ်ကြောင့် အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် ဘတ်ဟိုး (မြေတူးစက်) ၁ စီးကို ကျပ် ၅ သိန်းနဲ့ ကိုယ်ထူကိုယ်ထ ငှားရမ်း ဖယ်ရှားရှင်းလင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ပြိုကျထိခိုက်ပျက်စီးနေတဲ့ အဆောက်အအုံတွေကို သက်ဆိုင်ရာက ကူညီဖယ်ရှားရှင်းလင်းပေးမှု အလွန် အားနည်းတာကြောင့် ဘတ်ဟိုး (မြေတူးစက်) ၁ စီးကို ၁ ရက် ကျပ် ၅ သိန်းနဲ့ ကိုယ်ထူကိုယ်ထ ငှားရမ်းရှင်းလင်းနေရတာလို့ ပျဉ်းမနာမြို့ခံတယောက်က ပြောပါတယ်။

“စစ်ကောင်စီဘက်က ဒီနေ့အထိ တချက်တောင် လာမကြည့်ပေးဘူး။ ကုန်ဈေးနှုန်းတွေက တက်နေတာ။ အိမ်တလုံးပြန်ရဖို့အလွယ်ဘူးလေ။ ဒါ့ကြောင့် ပျက်နေတဲ့အထဲက အသုံးပြုလို့ ရတာပြန်ယူမယ်၊ မရတာထားရမယ်။ စောင့်နေတာ မလာလို့ ကိုယ်အစီအစဉ်နဲ့ ကိုယ်လုပ်ရတော့ တာပေါ့။” 

အင်အားပြင်း ငလျင်အပြီး အချိန် ၂ ပတ်ကျော်လာတဲ့အထိ စစ်ကောင်စီဘက်က ပျက်စီး ထိခိုက်တာတွေ ဖြစ်ပေါ်နေတဲ့ အဆောက်အအုံတွေ ရှိနေတဲ့နေရာကို မသွားဖို့သာ တားမြစ်ထားပြီး လာရောက်ကူညီရှင်းလင်းတာ မလုပ်ပေးတဲ့အတွက် အလှူရှင်တွေရဲ့ လှူဒါန်းတဲ့ငွေကို အသုံးပြုဖယ်ရှားရှင်းလင်းနေရတာလို့ ဆိုပါတယ်။

တပ်ကုန်းမြို့နယ် ဒေသခံတယောက်က “အလှူရှင်တွေက ကောင်စီနယ်မြေဆိုတော့ မလာရဲတာ လည်း ရှိတယ်။ လာလှူတဲ့သူတွေ လည်းရှိပါတယ်။ လာလှူတဲ့ငွေနဲ့ အခုလုပ်နေတာ။ ပရဟိတသမားတွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အပြစ်မတင်ပါဘူး။ သူတို့က အာ ဏာပိုင်မှမဟုတ်တာ။ အာဏာပိုင်တွေက ဟိုနေရာသွားဆိုမှ သွားရတာ” လို့ ပြောပါတယ်။

နေပြည်တော်လာတဲ့ ငလျင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို စစ်ကောင်စီက တင်းတင်း ကျပ်ကျပ်စစ်ဆေးနေပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေကို နေရာ သတ်မှတ်ခွင့်ပြုပြီး လွှတ်ပေးတာလို့ ဆိုပါတယ်။

နေပြည်တော်က စစ်ကောင်စီဝန်ထမ်း တယောက်က “ဖြန့်ကြက်ဆောင်ရွက်နေရတာ။ ဦးစားပေးအလိုက် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ ပထမ ဦးစားပေးအနေနဲ့ အသက်ရှင်သူတွေ ကယ်ဆယ်ရေး၊ စသဖြင့် အဆင့်အလိုက် လုပ်နေရတာ။ လုပ်ငန်းဆောင်ရွက်ရတာက များလွန်းပါတယ်။ အချင်းချင်းကူညီအားဖြည့်လုပ်ဖို့ ဆော်သြ ချင်ပါတယ်” လို့ ပြောပါတယ်။ 

နေပြည်တော်မှာ ကိုယ်ထူကိုယ်ထ ဘတ်ဟိုး(မြေတူးစက်) တွေ ငှားရမ်းအသုံးပြု လုပ်ဆောင်ရာမှာ လိုသလောက် ငှားမရဖြစ်နေပြီး စစ်ကောင်စီက ဌာနဆိုင်ရာရုံးတွေ၊ စစ်ဘက်ဆိုင်ရာရုံးတွေ၊ လွှတ်တော် အဆောက်အအုံတွေကို ဦးစားပေး ရှင်းလင်းဖယ်ရှား ပြန်လည်ပြုပြင်နေတယ်လို့ ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ရုံးအပါအဝင် အဆောက်အအုံ ၂၀၀၀ ထက် မနည်းပျက်စီးခဲ့ပြီး အလုပ်သမားဝန်ကြီးဌာနက အတွင်းဝန် တယောက်နဲ့ ဝန်ထမ်းတွေအပါအဝင် လူထောင်ချီ သေဆုံးခဲ့ရတယ်လို့ မြေပြင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013