Home
မြန်မာသတင်း
ငလျင်ကြောင့် စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်းများ ပျက်စီး၊ မြစ်ရေတင်မြောင်းများ နေရာရွေ့
DVB
·
April 11, 2025

ငလျင်ကြောင့် စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်းတွေ ထိခိုက်ပျက်စီးခဲ့သလို မြစ်ရေတင် မြောင်းတွေလည်း နေရာရွေ့သွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းငလျင် လှုပ်ခတ်ခဲ့ပြီးတဲ့နောက် စစ်ကိုင်းခရိုင်နဲ့ ရွှေဘိုခရိုင်ကို ဆက်သွယ်ထားတဲ့ ခရိုင်ချင်းဆက် ကားလမ်းမှာ အက်ကွဲကြောင်းကြီးတွေ ပေါ်လာတာကြောင့် ယာဥ်တွေ တိမ်းမှောက်ခဲ့သလို ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။

တော်လှန်ရေး စိုးမိုးနယ်မြေအတွင်း ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေလည်း ကူညီထောက်ပံ့ပေးနေတယ်လို့ ရွှေဘိုခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံ ဦးစောက ပြောပါတယ်။

“ဖြစ်တဲ့အချိန်မှာ ကျနော်တို့လည်းရှိတယ်။ အဲ့ဘက်မှာ တော်တော်ဆိုးဆိုးရွားရွားကို ဖြစ်တာပေါ့။ လမ်းတွေ တော်တော် ပက်ကြားအက်သွားတယ်။  စျေးဆိုင်ခန်းတွေ ပြိုကျတယ်။ လူတွေလည်း တော်တော်များများ ထိခိုက်ဒဏ်ရာရတယ်။ မောင်းနေရင်းနဲ့ ဆိုင်ကယ်တွေဆို ပစ်လဲတာ။ ကားတွေဆို ဘေးတိမ်းစောင်းပြီးတော့ မှောက်တာတွေ ရှိတယ်။ အဲ့လိုမျိုးတွေ ကြုံရတယ်။ အဲဒါပြီးတော့ ဒီဘက်က NUG လက်အောက်ခံ လူမှုစာနာအဖွဲ့တွေကတော့ ရွာတွေကို နစ်နာတဲ့လူတွေကို ၃ သိန်းစီ လိုက်ပြီးဝေမျှတယ်။ သေဆုံးတဲ့သူတွေ၊ ဒဏ်ရာအကြီးအကျယ်ရတဲ့ သူတွေကို ၁၀ သိန်း ရွာစဥ်ရွာတိုင်း လိုက်လုပ်ပေးတယ်။ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးနဲ့ လူမှုစာနာအဖွဲ့ဝင်တွေက ကလေးသူငယ်နဲ့ ဗိုက်ကြီးသည်တွေကျတော့ တယောက် သုံးသောင်းစီ လိုက်ပြီးတော့ ထောက်ပံ့တယ်။ ကျန်တဲ့ ပကဖ၊ ပလဖကျတော့ မြို့နယ်ကချပေးတဲ့ အခွန်ငွေထဲက သိန်း ၁၀၀ ဖိုး ဒီဘက်အခြမ်းကို လမ်းပြုပြင်ပေးတယ်။ ပြိုနေတဲ့ဟာတွေ ပြန်ပြုပြင်ပြီးတော့ လုပ်ပေးတယ်။”

ပျက်စီးသွားတဲ့ လမ်းတွေ အချောသပ်ဆောင်ရွက်တဲ့ လုပ်ငန်းတွေကို ဧပြီ ၇ ရက်အထိ ဆက်တိုက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ငလျင်လှုပ်ခတ်မှုဒဏ်ကို အဆိုးဆုံးခံရတဲ့ ကျေးရွာတွေထဲက တပ်ရွာက မြစ်ရေတင်မြောင်း ကျိုးပြတ်ပြီး နေရာလွဲသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီမြောင်းအပြင် မြောင်းဘောင်တွေမှာလည်း ဆိုင်ကယ်မောင်းလို့မရအောင် အက်ကွဲကြောင်းကြီးတွေ ဖြစ်ပေါ်လာပြီး မြောင်းဘောင်ကလည်း  ၂ ပေအထိ နိမ့်ဆင်းသွားခဲ့ပါတယ်။

တပ်ရွာ ပကဖ တာဝန်ခံ ကိုငြိမ်းချမ်းက “ငလျင်လှုပ်တဲ့အခါကျ ဒါကြီးက တောင်ကနေ အကြောင်းကြီးအလိုက်သွားတာပါ။ လှည့်ပတ်ရင်းနဲ့ ဒီနားရောက်လာတော့ မြောင်းက တည့်တည့်ကြီးကို လွဲသွားတယ်။ ဒီကောင်ကြီးက တောင်ဘက်ရောက်၊ ဒီကောင်ကြီးက မြောက်ဘက်ရောက်။ ရွာထဲက အိမ်ဝန်းတွေလည်း အဲ့အတိုင်းပဲ။ သစ်ပင်တွေက ရွေ့သွားတာ။ ဒါကြီးလည်း ရွေ့လောက်တယ်ဆိုပြီး လာကြည့်တော့ ဒီအတိုင်းကြီးဖြစ်သွားနေတာ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း တော်လှန်ရေးတပ်ဖွဲ့ စိုးမိုးနယ်မြေအတွင်းမှာ ပြည်သူတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို အမြဲတမ်း စိုးရိမ်ကြောက်လန့်နေရချိန် အခုလို အားပြင်းငလျင်လှုပ်ခတ်ခဲ့ချိန် ငလျင်ကြောအနီး ရောက်နေခဲ့တဲ့ အတွေ့အကြုံကို ဒေသခံအဘွားက ပြန်ပြောပြပါတယ်။

“အဲဒီနေ့ကလေ အရီးက သာကူကျိုရောင်းသွားရင်းနဲ့ ငလျင်ကြောလမ်းကို ရောက်သွားတာ၊ ဝေါကနဲ တက်လာတာ၊ တက်လာတော့ လေယဥ်ပျံပဲဆိုပြီးတော့ အိမ်ထဲဝင်ရမှာကို မဟုတ်ဘူး။ ပြီးကျမှ ငလျင်ဆိုပြီးတော့ ရှေ့နင်းလိုက် နောက်နင်းလိုက်၊ နိမ့်နိမ့်သွားလိုက် အပေါ်တက်လာလိုက် ငလျင်ကြောဆိုတော့ ကိုယ့်ကို မြေထဲပြိုဝင်မှာမှတ်တာ။ လူတွေက တအားကို ကြောက်အားကြီးပြီးတော့ မြေးအဘွားနှစ်ယောက်ဆိုရင် သူက ခပ်ပိန်ပိန်ဆိုတော့ ခုတင်ကနေ လွင့်ကိုကျသွားတာ။ ဒူးတွေရော ဘာတွေရော ကွဲရွဲထွက်လာတာ။”

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း ငလျင်လှုပ်ခတ်ပြီးတဲ့နောက် သက်ဆိုင်ရာက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေတာတွေ အနည်းငယ်လောက်ပဲရှိပြီး ပြန်လည်ပြုပြင်ရေး လုပ်ငန်းတွေကတော့ အခက်အခဲတွေ ရှိနေဦးမယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဟန်န

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024