Home
မြန်မာသတင်း
စစ်ကိုင်းငလျင် ဗဟိုချက်နေရာအနီး မြေလွှာ၌ ထူးခြားမှုများ ဖြစ်ပေါ်ခဲ့
DVB
·
April 11, 2025

စစ်ကိုင်းငလျင်အတွက် အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ USGS က ထုတ်ပြန်ထားတဲ့ စာရေးအနောက်ရွာက ဗဟိုချက်နေရာအနီးမှာ  ထူးခြားမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းငလျင်အတွက် အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ့ (USGS) က ထုတ်ပြန်တဲ့ ငလျင်ဗဟိုချက်နေရာမှာ မြေတွင်းအပူရှိန်ကြောင့် အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဠာန်လောင်ကျွမ်းထားတဲ့ မြက်ပင်တွေကို တွေ့ရပြီး ငလျင်လှုပ်ပြီး  ၁၀ ရက်အကြာ ဧပြီ ၇ ရက်နေ့ကတောင် အပူရှိန်ကရှိနေပါတယ်။

ငလျင်ဗဟိုချက်နေရာ သွားရောက်ကြည့်ရှုခဲ့သူ စာရေးအနောက်ရွာသားတယောက်က “ပြောရမယ်ဆိုရင် ဒါက သဘာဝမြက်ရိုင်းတော။ ဒေသအခေါ် မြို့မြက်တောမှာ ငလျင်ရဲ့ ဗဟိုချက်လို့ ယူဆလို့ရတဲ့ နေရာပေါ့လေ။ သူတို့ထုတ်ပြန်ထားတဲ့နေရာက တထပ်တည်းကျတဲ့နေရာက ထူးခြားမှုရှိနေတာက ဘာလဲဆိုတော့ တောမြက်ရိုင်းတွေ လူရှို့ထားလို့ လောင်ကျွမ်းထားတဲ့ အနေအထားမဟုတ်ဘဲ သဘာဝအတိုင်း လောင်ကျွမ်းထားတဲ့ နေရာမျိုး တွေ့ရတယ်ဗျ” လို့ ပြောပါတယ်။

အဲ့ဒီ ငလျင်ဗဟိုချက်နေရာက ငလျင်လှုပ်ပြီး ၁၀ ရက်အကြာ ဧပြီ ၇ ရက်နေ့အထိ အပူရှိန်ရှိနေဆဲဖြစ်ပါတယ်။ 

ငလျင်လှုပ်ခတ်ချိန်မှာ ရေမျက်ကြီးအင်းစပ်အနီးရှိ ပဒူရွာက စစ်ရှောင်တွေနေထိုင်ရာတဲကုန်းမှာ ရောက်ရှိနေသူ အမျိုးသမီးတယောက်က “ငလျင်လှုပ်တာ ပထမတော့ ဂျိန်းဆိုတော့ ကိုယ်က မိုးချိန်းထားပဲ ထင်တာပေါ့။ ကိုယ်က သစ်ပင်အောက်မှာဆိုတော့ ထပြေးတာ။ သူတို့က မထရဘူးထိုင်ဆိုတော့ ထိုင်နေတာပေါ့။ သုံးဘီးသမားတွေကလည်း ဝုန်းဝုန်းနဲ့ဆင်းလာပြီး အောက်ကို ထိုင်ကုန်ရော။ ထိုင်နေရင်းနဲ့ ၃ ခါလောက် ထပ်လှုပ်တယ်။ မငြိမ်ဘူး အဲ့တိုင်းတနေကုန်လှုပ်နေတာ။ ငယ်ငယ်လေးတုန်းကတော့ ငလျင်လှုပ်တယ်ဆိုတာ လှုပ်ရုံပဲ လှုပ်တာပေါ့။ ဒီတခါတော့ အသံရော ဒီလိုမျိုး လှုပ်ခါရမ်းတာ တခါမှ မကြံဖူးဘူး။ အသံကတော့ ဝေါဆိုလာပြီးမှ လှုပ်ခါပစ်တာ။ မိုးချိန်းသလို အသံကြီးနဲ့လာတာ။ ၂ ရက်ဆက်တိုက် အဲလိုအသံကြီးနဲ့ ဂျိန်းဂျိန်းဂျိန်း ဆိုပြီးလာတာ။ အဲ့အသံလာပြီဆို ကလေးရော လူတိုင်းသိတယ် ငလျင်လှုပ်ပြန်ပြီဆိုတာ” လို့ ပြောပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့သိပ္ပံဆိုင်ရာ အချက်အလက်တွေ၊ မြေပြင်အခြေနေတွေကို သုံးသပ်ပြီး အရပ်ဘက်မိုးလေဝသ ပညာရှင်ဖြစ်သူ ဦးဝင်းနိုင်က မြန်မာနိုင်ငံအတွက် USGS ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အတည်ပြုပြောဆိုပါတယ်။

“အခုအတိုင်းဆိုလို့ရှိရင် ကျနော် အတည်ပြုလို့ရသွားတာက ထိုင်းကလှုပ်တဲ့နေရာက ဗဟိုချက်မဟုတ်ဘူး၊ USGS က သူတို့ပြတဲ့နေရာက မှန်တယ်ဆိုတဲ့အကြောင်းပေါ့ အဲ့ဟာတခုတော့ အတည်ပြုလို့ရသွားတယ်။”

ငလျင်ဗဟိုချက်နဲ့ အနီးဆုံးကျေးရွာဖြစ်တဲ့ စာရေးအနောက်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ကျော် ရှိပါတယ်။ တောင်သူလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ဂျုံ၊ ကုလားပဲ၊ နှမ်း၊ မြေပဲနဲ့ အခြားပဲမျိုးစုံတို့ကိုလည်း စိုက်ပျိုးကြတာပါ။ 

ငလျင်ကြောင့်  ကျေးရွာတခုလုံးအတိုင်းအတာအရ  ဆိုးဆိုးရွားရွား ပျက်စီးခဲ့တာ မရှိပေမဲ့ ရွာဦးဘုရားကြီး ပျက်စီးခဲ့သလို ကျေးရွာအတွင်း နေအိမ်ပျက်စီးတာ၊ အုတ်တံတိုင်းပြိုကျတာတွေ ရှိခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။ 

လူသေဆုံးမှုမရှိခဲ့ပေမဲ့ မီးဖွားပြီးစ အမျိုးသမီးတယောက် အုတ်တံတိုင်းပိခဲ့တဲ့အတွက် လက်ကျိုးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ဟန်န

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024