DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများ မျှော်လင့်ချက်ကို လက်မလွှတ်ရန် ကုလအထူးကိုယ်စားလှယ်ပြော 
DVB
·
April 11, 2025
မြန်မာပြည်သူများ မျှော်လင့်ချက်ကို လက်မလွှတ်ရန် ကုလအထူးကိုယ်စားလှယ်ပြော 
Donate to DVB

မြန်မာပြည်သူတွေအနေနဲ့ မျှော်လင့်ချက်ကို လက်မလွှတ်ဖို့နဲ့ စိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း ပိုမိုကောင်းမွန်တဲ့ ဘဝတခုရရှိဖို့ ဆက်လက်မျှော်လင့်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်က ဧပြီ ၁၀ ရက် ကုလသမဂ္ဂ သတင်းဝက်ဘ်ဆိုက် အင်တာဗျူးမှာ သတင်းစကားပါးလိုက်ပါတယ်။

မြန်မာပြည်မှာ တိုက်ပွဲတွေ ရပ်တန့်ရေးနဲ့ ပဋိပက္ခတွေ ရပ်တန့်ပြီး ငြိမ်းချမ်းတဲ့ အနာဂတ်ကို တည်ဆောက်ရေး အာရုံစိုက် လုပ်ဆောင်ဖို့လည်း တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေတဲ့ မစ္စ ဂျူလီ ဘစ်ရှော့ပ်ကို မြန်မာပြည်သူလူထုနဲ့ နိုင်ငံတကာအသိုက်အဝန်းကို ဘယ်လိုသတင်းစကားပါးချင်သလဲဆိုတဲ့ မေးခွန်းကို တုံ့ပြန် ဖြေကြားလိုက်တာပါ။

နိုင်ငံတကာ အသိုက်အဝန်းကိုလည်း (မြန်မာနိုင်ငံမှာ) ဒီလို အထူးလိုအပ်နေတဲ့ ကာလအတွင်း အကူအညီတွေ ပေးရာမှာသာမက ပဋိပက္ခမှာ သက်ဆိုင်သူ အားလုံး၊ ပါဝင်ပတ်သက်သူ အားလုံးက သူတို့ရဲ့ လက်နက်တွေ ဖြုတ်ချပြီး မြန်မာပြည်သူ ပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ပြန်လည်ထူထောင်ရေးအတွက် အာရုံစိုက် လုပ်ဆောင်ရာမှာ သူတို့ သြဇာအာဏာကို အသုံးပြုကြဖို့ အထူးကိုယ်စားလှယ်က သတင်းစကား ပါးလိုက်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စ ဂျူလီဘစ်ရှော့ပ်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ဧပြီ ၉ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံမှုမှာ ငလျင်ဘေးသင့် ပြည်သူတွေကို ကူညီပံ့ပိုးပေးနိုင်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေမှာ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေအပေါ် နှစ်ဖက် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဒီတွေ့ဆုံမှုကနေ ဘယ်လို ဆက်လက်ပြီးတော့ လုပ်ဆောင်ကြမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ပ်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အဖြစ် ၂၀၂၄ ခုနှစ်၊ ဧပြီ ၅ ရက်မှာ ခန့်အပ်ခဲ့တာဖြစ်ပြီး တနှစ်တာ ကာလအတွင်း မြန်မာအရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ လုပ်ဆောင်ချက်တွေ များများစားစား မြင်တွေ့ရတာ မရှိသလို သိသာထင်ရှားတဲ့ ရလဒ်လည်း မတွေ့ရပါဘူး။

ဒီတာဝန်ယူပြီးချိန်ကတည်းက တနှစ်နီးပါး ကာလတွေအတွင်း အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့ မေးမြန်းရာမှာတော့ သူ့အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ သက်ဆိုင်သူအားလုံး၊ မြန်မာပြည်သူတွေရဲ့ အသံနဲ့ လက်တွဲပြီး ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ပဋိပက္ခဟာ ကာလရှည်ကြာ ရှုပ်ထွေးနေကာ အလွှာပေါင်းစုံရှိနေပြီး မြန်မာနိုင်ငံကို ကူညီဖို့ စိတ်ပါဝင်စားတဲ့ နိုင်ငံများစွာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်မို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ၊ တခြားသော ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ၊ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြား အိမ်နီးချင်းတွေ၊ NGO တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက မြန်မာပြည်သူပြည်သားတွေအတွက် ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းတဲ့ အဖြေကိုရှာဖို့ လမ်းကြောင်းရှာဖို့ သူ့အနေနဲ့ စေ့စပ်ညှိနှိုင်းထားပြီးတော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရရှိစေရေးမှာ မြန်မာနိုင်ငံက ဦးဆောင်ပြီး အားလုံးပါဝင်ဖို့ လိုအပ်မယ်လို့လည်း ပြောပါတယ်။

အင်အားပြင်းငလျင်ကြောင့် ဒုက္ခရောက်နေတဲ့ အသိုက်အဝန်းတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းနေသလဲ ဆိုတဲ့ မေးခွန်းကိုတော့ မစ္စ ဂျူလီဘစ်ရှော့ပ်က ပျက်စီးဆုံးရှုံးမှုရဲ့ ကြီးမားတဲ့ အတိုင်းအတာက ကြေကွဲဖွယ်ရာဖြစ်သလို အရာအားလုံးကို ဆုံးရှုံးခဲ့ရသူတွေ အများကြီးရှိနေပြီး တိုးလာနေတဲ့ သေဆုံးသူအရေအတွက်၊ ဒဏ်ရာရသူ အရေအတွက်တွေနဲ့ ပျက်စီးဆုံးရှုံးမှု အဆင့်ကို ဆက်လက် ဆန်းစစ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံ ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးမှာ ဘယ်လိုထောက်ပံ့ကူညီပေးနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ သူက အပစ်အခတ်ရပ်စဲရေး၊ သတ်ဖြတ်မှုတွေ ရပ်တန့်ရေး၊ ပဋိပက္ခတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာတဲ့ လုပ်သားတွေ၊ ရှာဖွေကယ်ဆယ်ရေးသမားတွေနဲ့ မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးမှာ ကူညီပေးနေတဲ့သူတွေ ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်ဖို့ ဆက်လက် တိုက်တွန်းထားသလို မြန်မာပြည်သူပြည်သားတွေကလည်း ငြိမ်းချမ်းရေးကို လိုလားကြသလို နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့လည်း သူတို့ရဲ့သြဇာကို ဆက်လက် အသုံးပြုရမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

Source : UN Myanmar

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013