
ဖျက်အားပြင်းငလျင်ကြောင့် နေ့ချင်းညချင်း တိုက်ကြီးတာကြီးတွေပေါ်ကနေ လမ်းမဆင်း တဲထိုးအိပ်ရတဲ့ အဖြစ်နဲ့ ရင်ဆိုင်နေရတာတောင် နောက်ထပ် လောကဓံတွဲလုံးအဖြစ် ဧပြီ ၅ ရက် ညမှာ မန္တလေးမြို့တခွင် မိုးသက်လေပြင်း ကျရောက်ခဲ့ပြန်တယ်။
မြန်နှုန်းမြင့်အင်တာနက်ရဲ့ သတင်းပေးပို့ချက်အရ မိုးတွေလေတွေရဲ့ကြား အိပ်လို့ဖြစ်တယ်ဆိုရုံ ထိုးထားတဲ့ ယာယီတဲလေးတွေ ဝရုန်းသုန်းကား လွင့်ပါးနေတာ မြင်ရ။ အဆောက်အအုံထဲ ပြေးဝင်ကပ်ပြန်ရင်လည်း ငလျင်ထိထားတဲ့ တိုက်တွေက မိုးရေကြောင့် ပိုပြိုကျနိုင်တာကြောင့် အသက်ဓာတ်လေးကျန်ရင် တော်ပါပြီဆိုတဲ့ ချုံးပွဲချစိတ်နဲ့ မိုးထဲလေထဲ အကာအကွယ်မဲ့ လည်စင်းခံရပြန်တယ်။
“အခု လမ်းဘေးက တဲလေးတွေဆိုတာ ပြည်သူတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထိုးထားရတာ” လို့ မန္တလေးမြို့ခံ မိတ်ဆွေတဦးက ဆိုလေတော့ ကိုယ်စီ သက်ပြင်းချရပြန်တယ်။
နောက်ဆက်တွဲငလျင်တွေက ဆက်တိုက်လှုပ်နေတာကြောင့် မပြိုပေမဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ကျန်ခဲ့တဲ့ တိုက်တွေပေါ် ဘယ်သူနေရဲပါ့မလဲ။ ဧပြီ ၃ ရက်မှာ မန္တလေး၊ မဟာအောင်မြေမြို့နယ်ထဲက တိုက်ကြီးတလုံး နောက်ဆက်တွဲငလျင်တွေကြောင့် ဘုန်းဘုန်းလဲကျသွားသေးတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာတာမို့ ပြတ်ပြတ်သားသား ကြောက်ကြရတယ်။
၂၀၂၁ ခုနှစ်၊ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီး သိပ်မကြာ၊ ကိုဗစ်တတိယလှိုင်းဝင်တော့ စစ်ကောင်စီ ဖြစ်သလိုပဲ ရင်ဆိုင်လိုက်တယ်။ ရန်ကုန်က မီးသင်္ဂြိုဟ်စက်တွေရှေ့ ပြည်သူ့အလောင်းတွေ တန်းစီ စောင့်ခဲ့ရတယ်။ တတိယလှိုင်းမှာ ပြည်သူဘယ်နှစ်ဦး သေဆုံးခဲ့သလဲ ဆိုတာတောင် ဒီနေ့ထိတိုင် စိတ်ချရတဲ့ စာရင်းဇယား ထွက်မလာ။ ၂၀၂၃ ခုနှစ်၊ မိုခါမုန်တိုင်း ဝင်တော့လည်း စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုက ဖြစ်ချင်ရာ ဖြစ်။ ၂၀၂၄ မှာ ရာဂီမုန်တိုင်း အဖျားခတ်ပြီး အကြီးအကျယ် ရေကြီးတော့လည်း သဘာဝဘေး ကြိုတင်ပြင်ဆင်မှုဆိုတာ မရှိပြန်တော့ ပြည်သူတွေ အလောင်းချင်းထပ်၊ ဘဝတွေပျက်။
အခုလည်း ဖျက်အားပြင်းငလျင်ကြီးနဲ့ တည့်တည့်တိုးပြန်တော့ စစ်ကောင်စီရဲ့ အင်မတန် ကျော်ကြားလှတဲ့ ဖြစ်ချင်ရာဖြစ် စီမံခန့်ခွဲမှုနဲ့ပဲ ဆက်လက်မောင်းနှင်ရပြန်တယ်။ ဒါ့ကြောင့် ငလျင်လှုပ်ပြီးနောက် အရေးပေါ်တုံ့ပြန်မှုအစီအစဉ် ဘာမှမရှိဘဲ နေပြည်တော်စစ်ဗိုလ်ချုပ်တွေ ဉာဏ်တုံးကြီးကိုယ်စီနဲ့ ထိုင်ကြည့်နေရတော့တယ်။
ငလျင်ဆိုတာ ရေဘေး၊ လေဘေး၊ မီးဘေးတွေလို မဟုတ်ဘဲ အလုံးလိုက်ပြိုကျကာ မြေကြီးထဲ နစ်ဝင် ပိတ်မိနေတဲ့သူတွေကို ရှာဖွေကယ်ဆယ်ရတာမျိုးဆိုတော့ ကျွမ်းကျင်မှု၊ နည်းပညာနဲ့ စက်ယန္တရားတွေ လိုတယ်။ ခေတ်သစ်မြန်မာမှာ နှစ်ရာချီကြာ အခုလို ဖျက်အားပြင်းလှတဲ့ ငလျင်မျိုး မဖြစ်ပွားခဲ့လေတော့ ကယ်ဆယ်ရေးသမားတွေမှာ အတွေ့အကြုံမရှိတာလည်း ပါမယ်။ ဒေသခံတွေနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေးသမားတွေ တနိုင်တပိုင် အပေါ်ယံ ရှာဖွေကယ်ဆယ်ကြရုံသာ တတ်နိုင်ခဲ့တယ်။ ပြည်ပနိုင်ငံတွေက ကျွမ်းကျင်တဲ့ ကယ်ဆယ်ရေးသမားတွေ သွက်သွက်မြန်မြန် ရောက်လာကြပေမဲ့ မတ်လ ၃၀ ရက်မှသာ နေရာနည်းနည်းမှာ ကယ်ဆယ်ရေးလုပ်ငန်း စတင်နိုင်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်တွေအရ သိရတယ်။
ငလျင်ဒဏ်သင့်ဧရိယာက သိပ်ကျယ်၊ ရှာဖွေကယ်ဆယ်ရမယ့် နေရာတွေလည်း သိပ်များပြီး ပြည်ပနိုင်ငံတချို့က စေလွှတ်လိုက်တဲ့ ကယ်ဆယ်ရေးသမားတွေက သိပ်မများတာကြောင့် ဝန်နဲ့အား မမျှတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြရတယ်။ ငလျင်ကြောင့် တိုက်အပြိုအပျက်တွေအောက် ပိတ်မိနေတဲ့ ပြည်သူများစွာရှိတယ်။ သတင်းတွေအရ ဧပြီ ၃ ရက်ကစလို့ အသက်ရှင်လျက် ကယ်ထုတ်နိုင်သူ မရှိတော့သလို ဧပြီ ၉ ရက်ထိတိုင် အပြိုအပျက်တွေရဲ့အောက် ရုပ်အလောင်း တော်တော်များများ ကျန်နေသေးတယ်လို့ သိရတယ်။ ဧပြီ ၉ ရက်၊ ညနေ ၅ နာရီအထိ DVB စာရင်းက ငလျင်ကြောင့် သေဆုံးသူ ၄,၃၄၆ ဦးရှိတယ်လို့ ဆိုတယ်။ သေဆုံးသူစုစုပေါင်းရဲ့ တဝက်မကဟာ အရေးပေါ် ကယ်တင်နိုင်စွမ်းမရှိလို့ မသေသင့်ဘဲ သေသွားရတာလို့ ရဲရဲတင်းတင်း ပြောနိုင်တယ်။
ပြီးတော့ အခုငလျင်လှုပ်တာ ၁၀ ရက်သာ ကြာသွားတယ်။ စစ်ကောင်စီက ငလျင်ဘေး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ပြည်သူ့ဘဏ္ဍာ ဘယ်ရွေ့ဘယ်မျှ ထုတ်သုံးမယ်လို့ မပြောတာကြောင့် ပြည်သူ့ဘဏ္ဍာနဲ့ ပြည်သူ့အသက်ကို ကယ်တင်မယ့်အစီအစဉ် လုံးဝမရှိဘူးလို့ပဲ ဆိုရပါမယ်။ ပြည်သူ့ဘဏ္ဍာနဲ့ ပြည်သူတွေရဲ့ ခေါင်းပေါ် ဗုံးမိုးရွာချတဲ့နေရာမှာ တဖက်ကမ်းခတ် စွမ်းသလောက် ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ဖို့ကျ ငါးပြားတစေ့တောင် စေတနာမရှိကြောင်း စစ်ကောင်စီက မျက်နှာပြောင်တိုက်ပြလိုက်တာလို့လည်း ဆိုနိုင်တယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ငလျင်ဘေးအတွက် ပြည်ပနိုင်ငံတွေဆီကနေ ဒေါ်လာသန်းဆယ်ချီ ပမာဏအပြင် ပြည်တွင်းခရိုနီတွေရဲ့ အလှူငွေ ကျပ် ၁၁၆ ဘီလီယံကျော် ရရှိထားပေမဲ့ ငလျင်ကြောင့် သေဆုံးသူတဦးကို ကျပ် ၁၀ သိန်းစီသာ ထောက်ပံ့မယ်လို့ မင်းအောင်လှိုင်က ဆိုလိုက်တာက ပြည်သူ့အလောင်းတွေ ပြကာ ရလာတဲ့ပိုက်ဆံနဲ့ စစ်စရိတ် ဖြည့်တင်းတော့မှာလားလို့ မေးခွန်းထုတ်ရပါမယ်။
ဘာပဲဖြစ်ဖြစ် ငလျင်လှုပ်ပြီးတာနဲ့ နိုင်ငံတကာကို ချက်ချင်း အကူအညီတောင်းတာကတော့ ကြိုဆိုရပါမယ်။ စစ်ကောင်စီနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း နိုင်ငံတွေက စစ်ကောင်စီထံ တိုက်ရိုက် ငွေလှူဒါန်းကြတယ်။ အနောက်နိုင်ငံတွေကလည်း စစ်ကောင်စီကို မကြည်ဖြူပေမဲ့ မြန်မာပြည်သူတွေအပေါ် ထောက်ထားပြီး ငလျင်ဘေးသင့်ပြည်သူ ကယ်ကူနေတဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဆီ လှူဒါန်းကြတယ်။
ကုလအပါအဝင် နိုင်ငံတကာ လူသားစာနာအဖွဲ့တွေက ဒဏ်သင့်ပြည်သူတွေဆီ တိုက်ရိုက် ထောက်ပံ့ကြမယ် ဆိုပေမဲ့ ငလျင်ဒဏ်သင့် ပြည်သူတိုင်းဆီ နိုင်ငံတကာပံ့ပိုးမှုတွေ ရောက်ပါ့မလား ဆိုတဲ့ မေးခွန်းက ရှိနေပြန်တယ်။ ဘာလို့လဲဆိုတော့ မိုခါနဲ့ ရာဂီမုန်တိုင်းသင့် ပြည်သူတွေကို အကူအညီပေးခဲ့စဉ်က စစ်ကောင်စီရဲ့ ချုပ်နှောင်မှုအောက်မှာ စစ်ကောင်စီ ခွင့်ပြုသလောက်သာ ကူညီနိုင်ခဲ့တာကြောင့်ပါပဲ။ ကုလအကြီးအကဲတွေက ရေဘေးသင့်ဒေသတွေဆီ အကန့်အသတ်မရှိ လွတ်လပ်စွာ သွားလာကူညီခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက အဖက်မလုပ်ခဲ့ဘူး။
မြန်မာ ဘေးသင့်ဒေသတွေဆီ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာက ငလျင်ဒဏ်ခံပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီ ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံထဲဝင်ခွင့် ဗီဇာနဲ့ မြန်မာနိုင်ငံတွင်း ဘေးသင့်ဒေသ ဘယ်နေရာမဆို သွားလာနိုင်တဲ့ ခွင့်ပြုချက် လိုအပ်တယ်လို့ ဆိုတယ်။
တွမ်ဖလက်ချာက “လူသားချင်းစာနာမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့က ကျနော်တို့အလုပ်ပါ။ ကျနော်တို့ဟာ ဘက်လိုက်မှုမရှိဘူး။ အမှီအခိုကင်းတယ်။ ခွဲခြားမှုလည်း မရှိပါဘူး။ ကျနော်တို့ ကယ်နိုင်သမျှ အသက်ကိုကယ်ဖို့ပဲ အလုပ်လုပ်နေတာပါ။ ဒါပေမဲ့၊ အဲလိုတွေ ဆောင်ရွက်နိုင်ဖို့ဆိုတာ ဘာအတားအဆီးမှမရှိဘဲ ကျနော်တို့ သွားလာနိုင်မှ ရမှာပါ ”လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ ဆွေးနွေးရာမှာ မြန်မာနိုင်ငံရဲ့ နေရာတိုင်းကို သွားနိုင်ဖို့ လိုအပ်ကြောင်း အဓိက ပြောကြားခဲ့တယ်လို့ သူက ဆက်ပြောတယ်။ ဘာ့ကြောင့် လွတ်လပ်စွာ သွားလာခွင့်ကို လူသားစာနာအကြီးအကဲက အလေးအနက် ပြောနေရတာလဲဆိုတော့ လွတ်လပ်စွာသွားလာခွင့် မရခဲ့တာကြောင့်ပါပဲ။
အခုရော လွတ်လပ်စွာ သွားလာကူညီခွင့် ရနေပြီလားဆိုတော့ ကုလသမဂ္ဂက တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမဲ့ သွားလာခွင့်မရတာ အသေအချာပါပဲ။ ဒါပေမဲ့ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်က ငလျင်ဘေးသင့် အမျိုးသမီး ၅၀၀ ကို ကုလသမဂ္ဂအဖွဲ့တဖွဲ့က စစ်ဘေးရှောင်ကူညီရေးအဖွဲ့ S&C ကနေတဆင့် အမျိုးသမီးသုံးပစ္စည်းတွေ လှူဒါန်းခဲ့ကြောင်း S&C ရဲ့ ထုတ်ပြန်ချက်က စိတ်ဝင်စားစရာပါ။ ဘာလို့လဲဆိုတော့ အရင့်အရင်ကာလတွေတုန်းက မြန်မာအခြေစိုက် ကုလအဖွဲ့တွေဟာ S&C တို့လို ဒေသတွင်း စစ်ဘေးရှောင်ကူနေတဲ့ အဖွဲ့တွေကို ဆက်သွယ်ပြီး စစ်ဘေးရှောင်တွေဆီ တဆင့်ခံ လှူဒါန်းခိုင်းတာမျိုး တကြိမ်မှ မရှိခဲ့လို့ပါပဲ။ ဆိုတော့ ဒီငလျင်ဘေးကျမှပဲ ကုလအဖွဲ့တွေဟာ စစ်ကောင်စီငြိုငြင်မှာ မကြောက်ဘဲ နည်းနည်းရဲရင့်လာသလားလို့ မှတ်ထင်ရပါတယ်။
ဒါပေမဲ့ ဒီနေ့အချိန်ထိ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေထဲက ငလျင်ဘေးသင့် ပြည်သူတွေဆီ နိုင်ငံတကာအဖွဲ့အစည်းတွေ လာရောက်ကူညီတာမျိုး မတွေ့ရသေးပါဘူး။
လက်ရှိမှာ NUG အစိုးရကနေတဆင့် ငလျင်ဘေးသင့် ပြည်သူတွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့တချို့ ရှိလာပေမဲ့ ထိရောက်မှုရှိတဲ့ ပမာဏတော့ မဟုတ်ပါဘူး။ ဧပြီ ၄ ရက်၊ ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်အမတ်များရုံးမှာ ကျင်းပခဲ့တဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ ဂျပန်ပါတီစုံလွှတ်တော်အမတ်များ သမဂ္ဂရဲ့ မြန်မာ့ငလျင်ဘေး အရေးပေါ် အစည်းအဝေးမှာ NUG အစိုးရက တော်လှန်ရေးအင်အားစု စိုးမိုးထားတဲ့ ဒေသများသို့ နိုင်ငံတကာ အကူအညီတွေ မရောက်ရှိသေးတဲ့အတွက် NUG အစိုးရ အပါအဝင် ဒေသခံအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ အရေးပေါ်အကူအညီ အမြန်ဆုံးပေးအပ်ဖို့ တိုက်တွန်းခဲ့ပေမဲ့ လက်တွေ့ပေး၊ မပေး မသိရသေးပါဘူး။
ဆိုတော့ နိုင်ငံတကာရဲ့ အထောက်အပံ့တွေကို ငလျင်ဘေးသင့်ပြည်သူတိုင်း မျှတစွာ ခံစားရရှိဖို့ ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ မေးခွန်းက အကြီးကြီး ထွက်ပေါ်နေပါတယ်။ အဲဒီမေးခွန်းကို လက်တွေ့ကျကျ မဖြေဆိုနိုင်ဘူး ဆိုရင်တော့ နိုင်ငံတကာအသိုက်အဝန်းအပေါ် မြန်မာပြည်သူတို့ရဲ့ ယုံကြည်မှု ဆက်လက်ကျဆင်းနေဦးမှာပါပဲ။
ထွန်းလင်း