DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် ငလျင်ကြောင့်ပြိုကျခဲ့သည့်အဆောက်အအုံများ ဖယ်ရှားရန် စက်ယန္တရား လိုအပ်
DVB
·
April 11, 2025
စစ်ကိုင်းတွင် ငလျင်ကြောင့်ပြိုကျခဲ့သည့်အဆောက်အအုံများ ဖယ်ရှားရန် စက်ယန္တရား လိုအပ်
Donate to DVB

စစ်ကိုင်းမြို့မှာ အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်၊ အဆောက်အအုံ တွေကို ဖယ်ရှားရှင်းလင်းဖို့ စက်ယန္တရားအခက်အခဲတွေကြောင့်  ကြန့်ကြာနေတယ်လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်းမြို့ပေါ် ၂၂ ရပ်ကွက်နဲ့ မြို့နယ်တွင်းက ‌ကျေးရွာတွေမှာ နေအိမ်၊ အဆောက်အအုံတွေ ၁၀၀ ရာခိုင်နှုန်းနီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ သေဆုံးသူ အယောက် ၇၀၀ နီးပါးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀၀ ကျော်ရှိခဲ့ပါတယ်။ လက်ရှိမှာလည်း ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စက်ယန္တရား အခက်အခဲတွေ ရှိနေပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ကျောင်းတွေကော အိမ်တွေကော မလုပ်နိုင်သေးတာ အများကြီးပဲ။ လက်ရှိ စစ်ကိုင်းတိုင်း ကောင်စီအဖွဲ့ဝင်တွေက သူတို့ ဖျက်ပေးမလား၊ ကိုယ်အစီအစဉ်နဲ့ ဖျက်ရမလားဆိုတဲ့ဟာကို အခုချိန်အထိ သေသေချာချာ သဲသဲကွဲကွဲမ သိရသေးဘူး။ တချို့အိမ်တွေကတော့ ကိုယ်ဟာနဲ့ကိုယ်ဖျက်ကုန်ကြပြီ။ အစိုးရဘက်က လုပ်ဆောင်ချက်ကို စောင့်မယ်ဆို ကြာမယ်။ စစ်ကိုင်းမြို့ရဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့မှာ စက်ယန္တရားမရှိဘူး။ စက်ယန္တရားမရှိတော့ ရှင်းလင်းရေးလည်း မထိရောက်ဘူး” လို့ ပြောပါတယ်။

စစ်ကိုင်းမှာ အင်အားပြင်း ငလျင်ဒဏ်ကြောင့် ဘုရားကျောင်း၊ စေတီတွေ၊ စာသင်တိုက်တွေနဲ့အတူ သီလရှင် ကျောင်းတွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကိုင်းငလျင်ကြောင့် သီလရှင်ကျောင်းဆောင်မြေခ ပြိုကျပြီး ဆရာလေး တပါးနဲ့ ဒါယိကာမ တ ယောက် သေဆုံးခဲ့တဲ့အပြင် ဆရာလေး ၂ ပါး ဆေးရုံတက်‌ရောက်ကုသနေရတဲ့ သီလရှင်ကျောင်းဆောင်ဟာ ဒီကနေ့အထိ ရှင်းလင်းရေး မလုပ်ဆောင်ရသေးဘူးလို့ ချမ်းသာသုခကျောင်းတိုက်တာဝန်ရှိသူ  သီလရှင်တပါးက  မိန့်ပါတယ်။

“ရှင်းလင်းလို့ မပြီးသေးဘူး။ ဆရာလေးတို့ ရှင်းဖို့ရာလည်း မလွယ်သေးဘူးဆိုတော့ အဲဒါလည်း ရှင်းချင်တယ်။ ဆရာလေးကတော့ လောလောဆယ်နေတာ တမာပင်ကြီးအောက်မှာ နေရတယ်။  ကျောင်းဆောက်ထားတဲ့နေရာက မရှင်းလင်းရသေးဘူးဆိုတော့ နေလို့မဖြစ်သေးဘူး။”

နေအိမ်အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးဖို့ စက်ယန္တရား မရှိတာကြောင့် စစ်ကိုင်းအနေ အထားအရ နာလန်ထူဖို့ ခက်ခဲလိမ့်မယ်လို့ မြေပြင်ကွင်းဆင်းပြီး ကိုယ်တိုင်သွားရောက် လှူဒါန်းပေးနေတဲ့သူတွေက ပြောပါတယ်။

စက်မှုနှင့်အနုပညာရပ်များမှ ဇော်မျိုးဦးက “ဖြိုချဖို့က သေချာပေါက် စက်ယန္တရားလိုတယ်။ စက်ယန္တရားအင်အားမတတ်နိုင်လို့ တချို့ဆိုရင် ၂ ထပ်ခွဲလောက်ရှိတဲ့ တိုက်ဆိုရင် ဖျက်ခတင် သိန်း ၁၀၀ ကျော်ကျော်လောက်တောင်းတယ်။  အဲလိုဆိုတော့ သေချာပေါက် ဖျက်လို့မရဘူး။ သူတို့ဆောက်ဖို့ မပြောနဲ့ ဖျက်ဖို့တောင် ပိုက်ဆံမရှိဘူး။ အကောင်းဆုံးကတော့ စက်ယန္တရား အကြီးတွေနဲ့ သူတို့အရင်ဆုံးမဆောက်နိုင်တောင်မှ ဖျက်ပေးလိုက်ပေါ့၊ သူတို့နေလို့ရအောင်။ စက်ယန္တရား မရှိတာတော့ သေချာတယ်။ စစ်ကိုင်းအနေအထားအရ သူတို့ နာလန်ထူဖို့ ခက်ခဲလိမ့်မယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄၃၄၆ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၇၈၃၀ ယောက်၊ ပျောက်ဆုံးသူ အယောက် ၂၁၀ နဲ့ ကယ်ဆယ်ရရှိထားသူ ၆၅၃ ယောက်ရှိတယ်လို့ ဧပြီ ၁၀ ရက် ညနေ ၅ နာရီအထိ DVB က စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။   

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013