Home
ဆောင်းပါး
မဲဆောက်က လူသား ATM များ
DVB
·
April 10, 2025

မဲဆောက်ပုလိပ်၊ အလွယ်နှိပ်ထုတ်

ငွေအိတ်ဖောင်းရန်၊ ATM များ

ငါတို့ ဖြစ်နေကြလေပြီတကား။  ။

ATM စက်ဆိုတာ ယေဘုယျအားဖြင့် ဘဏ်အကောင့်ဖွင့်ထားသူတွေ စက်ထဲကို ဘဏ်ကတ်သွင်းပြီး ပိုက်ဆံထုတ်လို့ရတဲ့စက်လို့ အလွယ်သိထားတယ်။ မျက်မှောက်ခေတ်ကာလမှာ လူတွေဟာ ငွေထုတ်မယ်ဆိုရင် အချိန်ကုန်ခံ အပင်ပန်းခံပြီး ဘဏ်တွေကို မသွားတော့ပါဘူး။ နီးစပ်ရာ ATM စက်တွေ ရှိရာဆီကိုပဲ သွားပြီး လွယ်လင့်တကူ ငွေထုတ်ယူနေကြတာပါ။ နိုင်ငံတိုင်းမှာ အဲဒီ ATM စက်တွေကိုတော့ လူသွားလူလာစည်ကားတဲ့ ကုန်တိုက်တွေ၊ လမ်းဆုံလမ်းခွနေရာတွေမှာ တပ်ဆင်ထားလေ့ ရှိကြပါတယ်။

ဆိုလိုချက်

ကျနော် ဆိုလိုချင်တဲ့ လမ်းပေါ်က ATM စက်ကတော့ သမားရိုးကျ ATM တော့ မဟုတ်ပါဘူး။ ထိုင်းရဲတွေအတွက် ဘဏ်ကတ်မလို မြန်မာနိုင်ငံသားတယောက်ကို မြင်တာနဲ့တင် ငွေရနေတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံသားလို့ ဆိုရခြင်းမှာလည်း ထိုင်းနိုင်ငံရောက် တရားမဝင် မြန်မာတိုင်းကို ရည်ညွှန်းခြင်းသာဖြစ်ပြီး ထိုင်းရဲလို့  အမည်တပ်ရခြင်းမှာ မဲဆောက်ဒေသက ရပ်ရွာ လုံခြုံရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး တာဝန်ကျရဲတွေသာ ဖြစ်ကြောင်းပါ။ ထိုင်းရဲအားလုံးနှင့် အာဏာပိုင် အဖွဲ့အစည်းများကို ပြောကြားလိုခြင်း မဟုတ်ပါ။ ဤအချက်ကိုတော့  စာဖတ်သူအား ရှင်းရှင်းလင်းလင်း ဖြစ်စေချင်ပါသည်။

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံသို့ ရောက်လာပုံ အဆင့်ဆင့်

ထိုင်းနိုင်ငံတဝန်းမှာ လူဦးရေ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ စစ်ကောင်စီ အာဏာသိမ်းပြီးမှ ရောက်လာကြတာတော့ မဟုတ်ပါဘူး။ ယခင် စစ်အစိုးရ ဦးသန်းရွှေ နအဖ လက်ထက်ကတည်းက နိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးနေလို့ လူငယ်အများစုနှင့် တိုင်းရင်းသားနယ်မြေတွေ ဖြစ်ကြတဲ့ ကရင်၊ ကယား၊ ရှမ်းမြောက် စတဲ့ဒေသတွေမှာ စစ်တပ်က စစ်ကြောင်းထိုး ရွာလုံးကျွတ် မီးရှို့တာကြောင့် အဲဒီအရပ်က ပြည်သူတွေဟာ အိုးအိမ်တွေ စွန့်ခွာ ရွာပုန်းရွာရှောင်နေကြရင်း နီးစပ်ရာ ထိုင်းနိုင်ငံထဲကို တစထက်တစ ရောက်လာကြတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မင်းအောင်လှိုင် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံ အလုံးစုံပျက်သုန်းခဲ့ရာ ချမ်းသာတဲ့ အသိုက်အဝန်းတွေ အပါအဝင် အခြေခံလူလတ်တန်းစားတွေနဲ့ လက်လုပ်လက်စားတွေ၊ ဒါ့အပြင် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာ စတဲ့ ဌာနဆိုင်ရာ နယ်ပယ်အသီးသီးကပါ ထိုင်းနိုင်ငံထဲကို တဟုန်ထိုး ရောက်လာခဲ့ပါတယ်။ များသောအားဖြင့် အောက်လမ်းလို့ခေါ်တဲ့ တရားမဝင်လမ်းကြောင်းတွေကနေ ရောက်လာကြတာ ဖြစ်ပါတယ်။

အဲဒီထဲက အယောက် ၁၀၀ မှာ ၁၀ ယောက်လောက်ပဲ တရားဝင်လမ်းကြောင်းက ဝင်လာတာဖြစ်ပြီး ကျန်တဲ့ ၉၀ လောက်က တရားမဝင် မှောင်ခိုနည်းမျိုးစုံ၊ လမ်းကြောင်းပေါင်းစုံကနေ ရောက်လာသူတွေလို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။

မြန်မာ အခက် ထိုင်း အချက်

လက်ရှိ မြန်မာနိုင်ငံ ခေတ်ပျက်ချိန်မှာ ထိုင်းနိုင်ငံအတွက်တော့ အချက် ဖြစ်လာပါတော့တယ်။ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ မဲဆောက်မြို့က ထိုင်းပြည်သူတွေကတော့ စီးပွားရေး အားကောင်းလာသလို ဝင်ငွေအတွက်လည်း တွက်ခြေကိုက်တဲ့ အချိန်ပါ။ နေ့ချင်းညချင်း အပြိင်အဆိုင် တိုက်ခန်းတွေဆောက်၊ ဆိုင်ခန်းတွေ တိုးချဲ့၊ ရောက်လာတဲ့ မြန်မာတွေကို အငှားပြန်ချ အဲဒီဈေးကွက်ကတော့ လက်မလည်နိုင်အောင်ပါပဲ။ ဒါတောင် အခန်းငှားဖို့ ဘယ်တိုက်ခန်းတွေ ကြည့်ကြည့် မြန်မာနိုင်ငံသားတွေနဲ့ ပြည့်နှက်နေပြီး လွတ်တဲ့အခန်းဆိုလို့ မရှိသလောက်ပါ။

အဲဒါကြောင့်လည်း ထိုင်းတွေက နောက်တဆင့် အိမ်ငှားခတွေကို ဈေးမြှင့်လိုက်ပါတော့တယ်။

တချိန်တည်းမှာပဲ မြန်မာတွေနဲ့ အကျိုးဖြစ်နေတဲ့သူတွေထဲမှာ ထိုင်းရဲတွေလည်း အော်တို ပါဝင်လာပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ အားလုံးနီးနီးက တရားမဝင် နေထိုင်ကြလို့ပဲ ဖြစ်ပါတယ်။

သံဒေါက် (ခေါ်) တရားမဝင်ရွှေ့ပြောင်းလုပ်သား ဖြစ်လာ

ထိုင်းနိုင်ငံက တရားမဝင်နေထိုင်သူတွေကို တရားဝင်ဖြစ်စေဖို့ ယာယီနေထိုင်ခွင့်ကတ်ပြား ထိုင်းအခေါ် (ဘတ်) ပန်းရောင်ကတ်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက တနှစ်တကြိမ် ရက်ပေါင်း ၉၀ နဲ့ အပြီးထုတ်ပေးဖို့ စီစဉ်ပေးပါတယ်။ ဒါပေမဲ့ အဲဒီယာယီနေထိုင်ခွင့်ကတ်လုပ်ဖို့ ကုန်ကျစရိတ်က နေ့စား၊ ကြုံရာကျပန်းလုပ်သားတွေ မတတ်နိုင်ကြပါဘူး။ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့နှုန်းထက် ကြားပွဲစားတွေက ပိုပြီးတောင်းနေတာကြောင့် ဖြစ်ပါတယ်။ ဤလုပ်ငန်းစဉ်မှာ အဆင့်ဆင့်ခေါင်းပုံဖြတ်မှုတွေ ရှိနေတာပါ။ ရှုပ်ထွေးနေတဲ့ လုပ်ငန်းစဉ် ဖြစ်တာကြောင့် လက်လှမ်းမီသလောက်သာ ရေးလိုက်ပါတယ်။

လိုရင်းမှာ မြန်မာနိုင်ငံသား အနည်းအကျဉ်းသာ ဘတ် (ခေါ်) ပန်းရောင်ကတ်ကို လုပ်နိုင်ကြပြီး အယောက် ၁၀၀ မှာ ၉၀ က မလုပ်နိုင်ကြပါ။ သံဒေါက် (တရားမဝင်သူ) တွေ ဖြစ်သွားကြတာပါ။

မဲဆောက်ရဲများ၏ ငွေရှာပုံ

အဲဒီ (သံဒေါက်) တရားမဝင်နေထိုင်သူတွေရဲ့ နောက်ကို အမြဲလိုက်နေတဲ့ မုဆိုးလို့ပဲ ပြောရမလားပဲ။ သူတို့ကတော့ ရဲတွေပဲ ဖြစ်ကြပါတယ်။ ဌာနဆိုင်ရာ အလုပ်ချိန်ပြီးရင် မုဆိုးအလုပ်ကို စတင်ပါတော့တယ်။ ဆိုင်ကယ်တစီးနဲ့ နှစ်ယောက်တတွဲ တလမ်းဝင် တလမ်းထွက် ပတ်မောင်း၊ မြန်မာနိုင်ငံသားတွေစီးတဲ့ ဆိုင်ကယ်ကို လိုက်ရှာတာ ဖြစ်ပါတယ်။

ထိုင်းရဲတွေဟာ ဘယ်ဟာက ထိုင်းဆိုင်ကယ်၊ ဘယ်ဟာတော့ မြန်မာဆိုင်ကယ် ဆိုတာကို ကောင်းကောင်းကြီး ခွဲခြားနိုင်တဲ့ အတတ်ပညာတွေ တတ်ထားကြပါတယ်။ ဘယ်လိုပဲ ထိုင်းတွေလို ဝတ်ဆင်ထားပါစေ၊ သူတို့က ခွဲကို ခွဲတတ်တာပါ။ မြန်မာစကားကိုလည်း ထိုင်းလို့ မထင်ရအောင်ကို ပြောတတ်ပါသေးတယ်။

မြန်မာနိုင်ငံသားစီးသွားတဲ့ ဆိုင်ကယ် တွေ့ပြီဆိုတာနဲ့ ဘေးကပ်မောင်းလာ၊ ထိုင်းလို (ကျပိုင်းနိုင်ခ) “ဘယ်သွားမလို့လဲ ခင်ဗျား” လို့ စပြောပါတယ်။ အဲ့မှာ ကိုယ်ပြန်ပြောလိုက်တဲ့ လေသံကို ဖမ်းပြီး ဆိုင်ကယ်ကို ရပ်ခိုင်းတော့တာပါပဲ။ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်လိုင်စင်၊ ဘတ်၊ ပတ်စပို့ အစုံတောင်းတော့တာပါ။ မြန်မာနိုင်ငံသား အများစုကတော့ သူတို့တောင်းတာတွေ မရှိကြတာ များပါတယ်။ ရှိရင်လည်း တခုမဟုတ်တခု ပတ်ရစ်သေးပါတယ်။ ဆိုင်ကယ်စာအုပ်ထဲက နာမည်နဲ့ လိုင်စင်ထဲကနာမည် မတူရင်လည်း ဆိုင်ကယ်ခိုးလာတယ်ဆိုပြီး အမှုကပ်လိုက်တာမျိုး လုပ်ပါတယ်။ အဲဒီနောက်မှာတော့ မဲဆောက်ရဲစခန်းကို ခေါ်သွားပါတော့တယ်။

ထိုင်းရဲတွေကတော့ မြန်မာမော်တော်ပီကယ် ရဲတွေလိုတော့ လူအလစ်မှာ ပိုက်ဆံကို လက်ထဲထည့်ပေးတာ၊ ဘောင်းဘီအိတ်ထဲ အတင်းထိုးထည့်လိုက်တာမျိုးတော့ လက်မခံကြပါဘူး။ ရဲစခန်းမှာပဲ ညှိကြရတာပါ။

အပေး အယူ လုပ်ငန်းစဉ်

ရဲစခန်းမှာတော့ စကားပြန် မြန်မာ ၂ ယောက်ကို နေ့ဆိုင်း ညဆိုင်းနဲ့ ခန့်ထားပါတယ်။ အဲဒီစကားပြန်ကိုတော့ မြန်မာတွေက “ရဲခွေး” လို့ ခေါ်ကြတာပါ။ ဘယ်သူက စလို့ အမည်တပ်ပေးလိုက်တာလဲ ဆိုတာတော့ သေချာမသိ။ စကားပြန်ဆိုပေမဲ့ ကိုယ့်လူမျိုးဘက်ကို ကာကွယ်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ ရဲတွေတောင်းတဲ့ငွေကို မရ ရအောင် ပေးခိုင်း၊ ပါလာတဲ့ငွေ မလောက်ရင် အိမ်အထိ လိုက်ယူတာပါ။ တချို့အမှုတွေဆို သူစကားပြန်ပေးမှ လုံးလုံးကြီးကို ထောင်ကျသွားတာမျိုးလည်း မြန်မာနိုင်ငံသားတွေ ကြုံနေကြပါတယ်။

ပဲခူးကနေ အလုပ်လာလုပ်နေတဲ့ မြန်မာအလုပ်သမား အသက် ၃၀ ဝန်းကျင် ကိုရန်နိုင်က“ကျနော် ထိုင်းမှာ ၃ နှစ်ကျော်ရှိပြီ။ ထိုင်းစကား အကုန်တော့ မပြောတတ်သေးဘူး။ အလုပ်မှာ ဖမ်းခံထိတာ။ ရဲက ဘတ် ၁၀,၀၀၀ တောင်းတယ်။ ကိုယ့်မှာမရှိတော့ ၅,၀၀၀ နဲ့ ညှိတာ အဆင်ပြေနေပြီဗျား။ အဲဒါကို သူစကားပြန်ပေးမှ ဘတ်မရှိတာရော၊ ပတ်စပို့မရှိတာရော၊ နယ်ကျော်တာရော ဆိုပြီး အမှုတွေက တက်ကုန်တာ။ ဒီ ခွေးလုပ်မှ ကျနော် အချုပ်ထဲ ရောက်သွားတယ်” လို့ ပြောပါတယ်။

မကြာသေးခင်ကလည်း အသိမိတ်ဆွေတယောက်က “ကျနော်နဲ့ မိန်းမရယ် သမီးရယ် ဆန်မလွှတ် (၃ ဘီး) ဆိုင်ကယ်နဲ့ မဲဆောက်ဈေးသွားတာ လမ်းမှာ ရဲနဲ့တိုးရော။ ကျနော့်မှာ ဘတ်ရှိတယ်။ မိန်းမနဲ့ သမီးက မလုပ်ရသေးဘူး။ ရဲစခန်းကို ခေါ်သွားတယ်။ ဟိုရောက်တော့ ကျနော်က ဘတ်မရှိတဲ့ သူတွေကို ခေါ်လာလို့ အဲဒါ လူကုန်ကူးတာတဲ့ စကားပြန် ပြောတာနော်။ ကျနော်လည်း ထိုင်းလိုမတတ်တော့ နားမလည်ဘူး။ အဖမ်းခံရမှာလည်း ကြောက်တာနဲ့ ဘတ် ၂၀,၀၀၀ ကို အသိတွေဆီကပဲ ချေးပြီး ပေးလိုက်ရတယ်” လို့ ပြောပြပါတယ်။

သူ့ရဲ့မိန်းမဖြစ်သူနဲ့ သမီးကို တယောက် ဘတ် ၁၀,၀၀၀ ပေးလိုက်ရတယ်ဆိုတော့ အဲဒီတုန်းက မြန်မာငွေနဲ့တွက်ရင် ပေါက်ဈေးက တယောက် ၁၀ သိန်းကျော်၊ ပေါင်း သိန်း ၂၀ ကျော်ကို ပေးပြီးမှ ပြန်လွတ်လာကြတာပါ။

“ဒီနေ့တော့ ထီပေါက်တယ်” ဆိုတဲ့အသံတွေက မြန်မာတွေကြားထဲမှာ မကြာခဏ ကြားနေရတာပါ။ ဒါဆိုရင် ရဲအဖမ်းခံရလို့ ပိုက်ဆံထွက်သွားပြီဆိုတာ စိတ်က အလိုလိုသိလာတယ်။ အနည်းဆုံးတော့ ဆိုင်ကယ်နဲ့ဆိုရင် ဘတ် ၁,၀၀၀ ပဲ။

မြန်မာနိုင်ငံသားဆီက ဒဏ်ငွေတွေ ဘယ်လိုစီမံ အသုံးပြု

ဆိုင်ကယ်တစီး ပတ်မောင်းနေတဲ့ ရဲ ၂ ယောက်အတွဲတွေဟာ ပုံမှန်ရုံးတက်၊ ရုံးဆင်းချိန်တွေမှာထက် ညပိုင်းကို ပိုပြီး တွေ့ရတတ်ပါတယ်။ သူ့ရပ်ကွက်နဲ့သူ ခွဲတမ်းချထားတဲ့ပုံလို့ ယူဆရတယ်။ ကျနော်နေတဲ့ ရပ်ကွက်မှာဆိုရင် မောင်းတဲ့သူက အသက်ကြီးကြီး ခပ်ဝဝ၊ နောက်ကတယောက်က အသက်ငယ်ငယ် ရုပ်ဖြောင့်ဖြောင့် မြန်မာလို တော်တော်ပြောတတ်တာ။ လမ်းထဲမှာ အဲဒီနှစ်ယောက်ပဲ မြင်တာနဲ့ တန်းကိုသိနိုင်တယ်။

လမ်းမပေါ်ကို ထွက်လာတာနဲ့ မြန်မာနိုင်ငံသား အနည်းဆုံး တဦးတော့ မိကို မိပါတယ်။ မြို့နယ်အလိုက် ရပ်ကွက်တိုင်းဆိုရင် ဘယ်နှယောက်လောက် မိမလဲ ဆိုတာတော့ မခန့်မှန်းနိုင်။ လိုင်စင်မရှိရင်တော့ ဘတ် ၁,၀၀၀ ရဲစခန်းကို လိုက်သွားပြီး ပေးရတာပါ။

စဉ်းစားမိတာက ဖမ်းတဲ့ရဲကို ပေးရတာဆိုတော့ ဒီငွေတွေဟာ ဘယ်ကိုရောက်သွားတာလဲ။ ချင်းမိုင်မြို့မှာ နေခဲ့စဉ်က ဆိုင်ကယ်ဦးထုပ် မဆောင်းလို့ဆိုပြီး ဒဏ်ငွေဆောင်ဖို့ ရဲက ချလန်စာရွက် ပေးလိုက်တယ်။ မော်တော်လိုင်စင်ရုံးကို ကိုယ်တိုင်သွားပြီး ဘတ် ၃၀၀ ဆောင်ခဲ့ရတယ်။ ဒါက တရားဝင် သတ်မှတ်ထားတာပါ။

မဲဆောက်မြို့မှာတော့ ရဲတွေအတွက် အပိုဝင်ငွေရဖို့ လမ်းကြောင်းဖောက်ပေးထားတာပါ။ (ဆိုင်ကယ်) ဘတ် ၁,၀၀၀၊ (ကား) ဘတ် ၃,၀၀၀ ရဲစခန်းကို လစဉ်ဆောင်နိုင်ရင် မြန်မာနိုင်ငံသား ကား၊ ဆိုင်ကယ် စီးနိုင်တယ်ဆိုတဲ့ တရားမဝင် အပေးအယူကလည်း ဘဝင်မကျတဲ့ နည်းလမ်းလို့ ခံစားမိပါတယ်။

နေရပ်မပြန်နိုင်သေးသရွေ့ လမ်းပေါ်က ATM စက် ဖြစ်နေကြဦးမှာပါ။

လက်ရှိ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အပူတပြင်း စုဆောင်းနေတဲ့အတွက် လူတန်းစား အလွှာအသီးသီးက စစ်မှုထမ်း အသက်ပြည့်သူတိုင်း ဒီကပ်ဆိုးဘေးကနေ လွတ်လွတ်ကျွတ်ကျွတ် ရှောင်နိုင်ဖို့ အနီးဆုံးက ထိုင်းနိုင်ငံသာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်ကိုသာ ဝင်လာမစဲ တသဲသဲ ဖြစ်နေဦးမှာပါ။ အဲဒီလိုသာဆိုရင် မဲဆောက်ရဲတွေအတွက် ဝင်ငွေ ဆက်ပြီးရွှင်စေရာ လမ်းများပေါ်က ATM စက်တွေကတော့ ထပ်ကာ ထပ်ကာ တိုး တိုးလာနေဦးမှာပါ။     ။

ငြိမ်းဇော်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024