
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ မြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးရေလျှံပြီး အခြေခံပညာစာသင်ကျောင်း ၁၅ ကျောင်း ထပ်မံပိတ်လိုက်ရတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
တိုးမြစ်ရေကြီးပြီး စာသင်ကျောင်းတွေ နစ်မြုပ်လာလို့ မအူပင်မြို့နယ်အတွင်းက အထက်တန်းကျောင်းခွဲ ၂ ကျောင်း၊ မူလတန်းကျောင်း ၈ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၂ ကျောင်း၊ မူလွန်ကျောင်း ၂ ကျောင်းကို ပိတ်ထားရတာပါ။
ဒေသခံပညာရေးဝန်ထမ်းတယောက်က “တိုးမြစ်ရေ မြင့်တက်လာလို့ စာသင်ကျောင်းတွေထဲ ရေဝင်တာ။ အခုပိတ်ရတဲ့ စာသင်ကျောင်းတွေထဲမှာ မူလတန်းအဆင့် ကျောင်းတွေက အများဆုံးပဲ။ တချို့ကျောင်းတွေ ရေတော်တော်မြုပ်ကုန်တယ်” လို့ ပြောပါတယ်။
စာသင်ကျောင်းတွေထဲကို ရေဝင်လာလို့ ပိတ်လိုက်ရတဲ့ စာသင်ကျောင်း ၁၅ ကျောင်းဟာ ကျွဲသောင်၊ သောင်သာယာ၊ လက်ပံတန်း၊ ခနောင်ကြီး၊ ဘုရားချောင်း၊ ပေကုန်း၊ ဇီးကုန်း၊ ပတုပ်ကျောင်း၊ ထရော်ပေကုန်း၊ လှိုင်းတာ၊ ကံစု၊ ဘုရားသုံးဆူ၊ ကျုံစုတ်၊ ကညင်သုံးပင်၊ အရှေ့ဂိုးမြောင်း စတဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေ ဖြစ်ပါတယ်။
ပိတ်ထားရတဲ့ ကျောင်းတွေရဲ့ ပိတ်ရက်တွေမှာ မသင်ကြားခဲ့ရတဲ့ သင်ခန်းစာတွေ အခက်အခဲ မဖြစ်စေဖို့ တိုးမြစ်ရေ ပြန်လည်ကျဆင်းတဲ့အခါ အပတ်စဉ် တနင်္ဂနွနေ့တွေမှာ ပြန်လည်အစားထိုး သင်ကြားသွားမယ်လို့ သိရပါတယ်။
သြဂုတ် ၁၅ ရက်ကလည်း တိုးမြစ်ရေ ဝင်ရောက်တာကြောင့် မအူပင်မြို့နယ်မှာ မူလတန်းအဆင့် အခြေခံပညာကျောင်း ၃ ကျောင်းကို ယာယီပိတ်ခဲ့ရပါတယ်။











