
နျူကလီးယားလက်နက်နိုင်ငံအဖြစ် ရှိနေတဲ့ မြောက်ကိုရီးယားရဲ့ အဆင့်အတန်းကို အမေရိကန်နဲ့ သူ့ရဲ့ အာရှမဟာမိတ်တွေက ဘယ်လောက်ပဲ တောင်းဆိုနေပါစေ၊ လုံးဝ နောက်ပြန်လှည့်မှာ မဟုတ်ဘူးလို့ ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဩဇာကြီးတဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံကို ကိုးကားပြီး နိုင်ငံပိုင် KRT သတင်းဌာနက ဧပြီ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က NATO အစည်းအဝေးရဲ့ ပြင်ပ သီးခြားတွေ့ဆုံမှုအတွင်း ထုတ်ပြန်ခဲ့တဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲကြေညာချက်ကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယား KRT သတင်းဌာနက ကြေညာလိုက်ပုံရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ၃ ယောက်တို့ဟာ မြောက်ကိုရီးယားကို “နျူကလီးယား လုံးဝကင်းစင်ရေး ကတိကဝတ်” ကို ထပ်မံအတည်ပြုခဲ့တယ်လို့ ပူးတွဲကြေညာချက်အရ သိရပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နိုင်ငံတော် အနေအထားဟာ သူ့ရဲ့ ကြီးမားပြီး အလွန်ပြင်းထန်တဲ့ နျူကလီးယား အဟန့်အတားနဲ့အတူ ပြင်ပမှ ရန်လိုတဲ့ ခြိမ်းခြောက်မှုရဲ့ ရလဒ်ဖြစ်တယ်လို့ ကင်မ်ယိုးဂျုံက ပြောကြားခဲ့တယ်လို့ KRT သတင်းမှာ ဆိုပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်မှာ မြေအောက်နျူကလီးယား ဖောက်ခွဲစမ်းသပ်မှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပေမဲ့ နျူကလီးယားလက်နက်တွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ပိုင် နိုင်ငံလို့ ခေါ်ဆိုခဲ့ပြီးတော့ သူဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ နောက်တကြိမ် သီးသန့်ဆွေးနွေးဖို့ အကြံပြုထားပါတယ်။
ဒေါ်နယ်ထရမ့်ပ်ရဲ့ ပထမသက်တမ်းအတွင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ လုံခြုံရေးတင်းမာမှုတွေကို ဖြေလျှော့ဖို့အတွက် ထိပ်သီးအစည်းအဝေးတွေကို မကြုံစဘူး ကျင်းပခဲ့ပါတယ်။
Source : Reuters