
ဧရာဝတီတိုင်း၊ မြောင်းမြမြို့ ပြည်သူ့ဆေးရုံ ဆေးပေးဝေမှုဌာန ဝန်ထမ်းက အရေးပေါ်လူနာ ဘုန်းကြီးတပါးကို မောက်မာစွာ ဆက်ဆံခဲ့တဲ့အပေါ် သတင်းတွေ ထွက်ခဲ့ပြီးတဲ့နောက် ဆေးရုံအုပ်ကြီးနဲ့ သက်ဆိုင်ရာဝန်ထမ်းက ပြန်လည်တောင်းပန်ခဲ့တယ်လို့ ဆေးရုံဝန်ထမ်းတွေ ဆီကနေ သိရပါတယ်။
မြောင်းမြဆေးရုံကြီးမှာရှိတဲ့ ဆေးပေးဝေမှုဌာနက ဝန်ထမ်းတယောက်ဟာ ဧပြီ ၄ ရက် ညပိုင်းမှာ ဆေးရုံကို အရေးပေါ်ရောက်ရှိလာတဲ့ ဘုန်းကြီးတပါးနဲ့ လူနာစောင့်ကို မောက်မာစွာ ဆက်ဆံခဲ့မှုအပေါ် သတင်းတွေထွက်ခဲ့ပြီးနောက် ဧပြီ ၇ ရက်က အခုလို ပြန်လည်တောင်းပန်ခဲ့တာလို့ ဆိုပါတယ်။
မြောင်းမြဆေးရုံ ဝန်ထမ်းတယောက်က “မြောင်းမြဆေးရုံကိစ္စက သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပြီးတော့မှ ဆေးရုံအုပ်ကြီးက လူနာစောင့်ရော အဲဒီဝန်ထမ်းကိုရော သူ့ရုံးခန်းဆီခေါ်ပြီး ဆေးရုံအုပ်ရော၊ ဝန်ထမ်းရောက လူနာစောင့် ကျေနပ်အောင် တောင်းပန်ခဲ့တာ” လို့ ပြောပါတယ်။
မြောင်းမြဆေးရုံဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဆေးဖိုးတောင်းတာ၊ အလှူခံငွေတောင်းတာ၊ ဆေးရုံဝန်ထမ်းတွေက လူနာတွေအပေါ် မောက်မောက်မာမာ ဆက်ဆံတာတွေ ပိုမိုလုပ်ဆောင်နေတာလို့ ဆိုပါတယ်။
တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းတယောက်က “စော်ကားလိုစိတ်နဲ့ ပြောတာမဟုတ်ပါဘူးပေါ့နော်၊ သူတို့အနေနဲ့ အတော်ပင်ပန်းနေတာကြောင့် ပြောမှား ဆိုမှား ဖြစ်ရတာပါ။ နားလည်မှုလွဲတာ ဆိုပြီး တောင်းပန်ထားတယ်” လို့ ပြောပါတယ်။
မြောင်းမြဆေးရုံမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လတုန်းကလည်း ခွဲစိတ်စရိတ် မတတ်နိုင်တဲ့ ပြည်သူတယောက်ကို ဆေးရုံက မောက်မာစွာ ဆက်ဆံခဲ့ပြီး နှင်ထုတ်ခဲ့တာကြောင့် နှင်ထုတ်ခံရတဲ့လူနာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။