DVB Logo
Home
မြန်မာသတင်း
အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးကသာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဟု စင်ကာပူ ပြော
DVB
·
April 9, 2025
အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးကသာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဟု စင်ကာပူ ပြော
Donate to DVB

မြန်မာ့လူသားချင်းစာနာမှုအကျပ်အတည်း အခြေအနေဟာ ရေရှည်မှာ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကနေသာ လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာ ခရစ်ရှ်နန်က ပြောလိုက်ပါတယ်။

ဧပြီ  ၈ ရက် မနေ့က ကျင်းပတဲ့ စင်ကာပူနိုင်ငံ ပါလီမန်အစည်းအဝေးမှာ မြန်မာနိုင်ငံ ပြည်တွင်းစစ် အခြေအနေအပေါ် အာဆီယံရဲ့ အကဲဖြတ်မှုအခြေအနေ၊ အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃၃ အရ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်မဲ့ အရပ်သားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အပါအဝင် အကူအညီတွေ တိုးမြှင့်ပေးသွားဖို့ အစီအစဉ်တွေ ရှိ၊ မရှိ စတဲ့ မေးခွန်းတွေကို တုံ့ပြန် ဖြေကြားခဲ့တာပါ။

အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပုံမှန် သုံးသပ်နေသလို ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နောက်ဆုံး သုံးသပ်မှုမှာတော့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ တိုးမြင့်လာမှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေအပေါ် နက်ရှိုင်းစွာ စိုးရိမ်ကြောင်း ဖော်ပြခဲ့တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက သက်ဆိုင်ရာ အစုအဖွဲ့ ပါတီတွေ၊ အထူးသဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေ၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်မှု အရှိန်လျော့စေဖို့နဲ့ အရပ်သားတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်တာတွေ ရပ်တန့်ကြဖို့လည်း တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို  ထိထိရောက်ရောက် ပွင့်လင်းမြင်သာစွာ ပေးပို့တာက အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့အညီ ဦးစားပေးလုပ်ငန်းတခု ဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ ပြင်ပမိတ်ဖက်တွေ၊ ကုလသမဂ္ဂ အပါအဝင် ပုဂ္ဂလိကကဏ္ဍတို့က ပံ့ပိုးကူညီမှုတွေနဲ့ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Centre) ကလည်း အခုအချိန်အထိ အကူအညီများစွာကို ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းနဲ့ မန္တလေးမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူ ၄,၀၀၀ ကျော် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံကတော့ မြန်မာ့ငလျင်ဘေးမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် စင်ကာပူကြက်ခြေနီအဖွဲ့ကတဆင့် ဒေါ်လာ ၁ သိန်းခွဲကို  ထောက်ပံ့ကူညီထားသလို စင်ကာပူသုတေသီတွကလည်း ငလျင်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံတွေထဲမှာ အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေဖို့ ဆိုက်ဘာ့ဂ်ပိုးဟပ်တွေ ပို့ပေးအသုံးပြုခဲ့ပါတယ်။

Source: Ministry of Foreign Affairs Singapore

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013