
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဧပြီ ၇ ရက် မွန်းလွဲပိုင်းက အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်ဖြူမြို့နယ် ရဲတပ်ရင်း ၃၂ နဲ့ ဓညဝတီ ရေတပ်စခန်းဌာနချုပ်နားက လပ်ခမော်၊ ရှောက်ချောင်းနဲ့ စည်မော်ကျေးရွာတွေအနီးမှာ ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီကျော်လောက်က အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ AA နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူ များပြားနိုင်တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် (AA) ဘက်က ထိုးစစ်တွေ ယာယီရပ်နားထားပေမဲ့ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်တွေ၊ ဒရုန်းတွေ၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်တဲ့အပြင် နေဗီတွေ၊ အထိုင်စခန်းတွေကပါ လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ တန်ပြန်ထိုးစစ်တွေပါ ပြုလုပ်လာလို့ တိုက်ပွဲဖြစ်ပွားရတာလို့ ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ မတ် ၃၁ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီရဲ့ နေဗီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ သံဃာတော်တပါး အပါအဝင် ၂ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲတွေပြင်းထန်နေလို့ အရပ်သားပြည်သူ ၂၀,၀၀၀ ကျော်လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။