
ငလျင်ကြောင့် အပစ်ရပ်ကြောင်း ကြေညာထားတဲ့ စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်မှာ လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရပြီး နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လေးမျက်နှာမြို့နယ်နဲ့ ငါးသိုင်းချောင်းမြို့ရဲ့အစပ် စက်စက်ယိုနဲ့တုံးတောကျေးရွာတို့ကို စစ်ကောင်စီက ဧပြီ ၆ ရက်နဲ့ ၇ ရက် မနက် ၁ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လေးမျက်နှာမြို့ခံတယောက်က “တိုက်ပွဲမရှိဘဲ လေကြောင်းနဲ့တိုက်ခိုက်နေတာ။ AA တပ်တွေ ခြေကုပ်ယူထားတယ်ဆိုပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်နေတာ။ အိမ်တွေမနည်း မီးလောင်ကုန်တာ။ ဒေသခံတွေက အကုန်ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၂ ရက်ဆက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာ ၂ ရွာက ခန့်မှန်း အိမ်ခြေ ၇ လုံးထက်မနည်း ပျက်စီးသွားပြီး ဒေသခံတွေအနေနဲ့ ထပ်မံလာရောက်တိုက်ခိုက်မှာကို စိုးရိမ်နေကြပါတယ်။
လေးမျက်နှာမြို့နယ် ဝန်ထမ်းတယောက်က “စစ်ကားတွေလည်း လေးမျက်နှာ၊ ငါးသိုင်းချောင်၊ ပုသိမ် မုံရွာဘက်ကို ၂ ရက်ဆက်သွားနေတာတွေ့ရတယ်။ တိုက်ပွဲတော့ မကြာမိသေးဘူး” လို့ ပြောပါတယ်။
လတ်တလောအနေနဲ့ စစ်ကောင်စီတပ်က ဂွ-ငသိုင်းချောင်းဘက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး ရေနံ့သာစစ်ဆေးရေးဂိတ်မှာလည်း လက်နက်ကြီးတွေ တပ်ဆင်ထားကာ ခံစစ်ပြင်ဆင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။