DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ဘေးရှောင် ကလေး ၃ ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သည့် တရားခံ သေဒဏ်ကျ 
DVB
·
April 8, 2025
ကချင်စစ်ဘေးရှောင် ကလေး ၃ ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သည့် တရားခံ သေဒဏ်ကျ 
Donate to DVB

ကချင်လွတ်လပ်ရေးအဖွဲ့ ( KIO)  ဌာနချုပ်၊ လိုင်ဇာမြို့ရှိ ဂျေယန့်စစ်ရှောင်စခန်းက ကလေး ၃ ယောက်ကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ တရားခံကို တရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။

ကျူးလွန်သူ အုန်ဆောင်းဒွဲအောင်ကို ပုဒ်မ ၆ ခုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး မတ် ၂၉ ရက်က သီးသန့်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီးနောက် တရားရုံးက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်လိုက်တယ်လို့ KIO/KIA ပြန်ကြားရေးသတင်းမီဒီယာ ဧပြီ ၈ ရက် ဒီမနက်က ထုတ်ပြန်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ မတ် ၄ ရက်မှာ သီးခြားတရားရုံးကို ဖွဲ့စည်းကာ မတ် ၁၇ ရက်ကနေ ၂၉ ရက်အထိ စစ်ဆေးကြားနာခဲ့ပြီးနောက် ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၃၆၄ အရ ထောင်ဒဏ် ၁၀ နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀၊ လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂-၁( B) မသေမချင်း သေဒဏ် အမိန့်ကို ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သေဒဏ်အမိန့်ကို ချမှတ်ပြီးသွားပြီ ဖြစ်တဲ့အတွက် ကျန်ပုဒ်မတွေဟာ ပယ်ပျက်ပြီးသားဖြစ်တယ်လို့လည်း KIO/KIA သတင်းဌာနက ဖော်ပြပါတယ်။

အသက် ၂၅ နှစ်အရွယ် တရားခံ အုန်ဆောင်းဒွဲအောင်ဟာ ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၃ နာရီဝန်းကျင်က ကလေးငယ် ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကလေးငယ် မိဘတွေကို တရုတ်ငွေ ၃ သိန်းနဲ့ ပြန်လာရွေးယူဖို့ ပြောဆိုခဲ့တာပါ။

ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းမှာ KIA တာဝန်ရှိသူတွေက အုန်ဆောင်းဒွဲအောင်ကို ဖမ်းဆီးရမိခဲ့ပြီး ကလေးငယ်တွေ ရုပ်အလောင်းရှိရာနေရာတွေကို ပြောပြခဲ့တယ်လို့ သိရပါတယ်။

ပြန်ပေးဆွဲသတ်ဖြတ်ခံရတဲ့ မိန်းကလေးငယ် ၃ ယောက်ကတော့ အသက် ၁၀ နှစ်အရွယ် ၂ ယောက်နဲ့ အသက် ၁၁ နှစ်အရွယ် တယောက် ဖြစ်ပါတယ်။

ကလေးတွေ ပျောက်ဆုံးပြီးနောက် ၅ ရက်လောက်အကြာမှာ ၂ ယောက်ကို ရေနစ် သေဆုံးနေတဲ့ ရုပ်အလောင်းအဖြစ် ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်တယောက်ကို လိုင်ဇာမြို့နဲ့ ၁၅ မိုင်ခန့်အကွာရှိ အလောဘွမ်အနီးမှာ ဆွဲကြိုးချသတ်ဖြတ်ထားတဲ့ ရုပ်အလောင်းအဖြစ် ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တရားခံ အုန်ဆောင်းဒွဲအောင်ဟာ ၂၀၂၂ ခုနှစ်မှာလည်း လက်နက်ခဲယမ်း တရားမဝင်ရောင်းချမှုနဲ့ KIA က ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာပြီး ၁၀ ရက်ကျော်အကြာမှာ ဒီအမှုကို ပြန်လည်ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013