
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စစ်ကောင်စီလက်အောက်ခံ နှောင်ညောင်ပင်ရွာ ကင်းစခန်း ပစ်ခတ်ခံရမှုမှာ နှောင်ညောင်ပင်ရွာက ဒေသခံအမျိုးသား ၄ ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့စစ်အဖွဲ့ဝင်တယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၈ ရက် မနက် ၁၂ နာရီဝန်းကျင်မှာ ဒေသကာကွယ်ရေးတပ်ဘက်က နှောညောင်ပင်ရွာက စစ်ကောင်စီ ကာကင်းစခန်းကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခွဲကျော် ကြာခဲ့တယ်လို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာ နှောညောင်ပင်ရွာက ဒေသခံတွေဖြစ်ကြတဲ့ ကိုဖိုးလုံး၊ ကိုမင်းမင်းဦး၊ ကိုကျော်မင်းဇင်နဲ့ ကိုဆန်းလွင်တို့ သေဆုံးခဲ့ကြပြီး တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူ့စစ်အဖွဲ့ဝင် ဦးနွားထီးလည်း ဖမ်းဆီးခံခဲ့ရပြီး သေဆုံးသူတွေက ကျေးရွာကနေ အလှည့်ကျ ညကင်းစောင့်ရတဲ့ အရပ်သားတွေ ဖြစ်ကြတယ်လို့ ကံပုလဲရွာသားတယောက်က ပြောပါတယ်။
အဆိုပါပစ်ခတ်မှုအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ၂ ချက် ပစ်ခတ်ခဲ့ပြီး မနက်အစောပိုင်း ၇ နာရီဝန်းကျင်မှာတော့ ကလေးမြို့ပေါ်က စစ်ကောင်စီတပ်သားတွေက ညက ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ကျေးရွာတွင်းကို လာရောက်ကြည့်ရှု စစ်ဆေးသွားတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအတွင်းမှာ ဒေသခံအရပ်သားတွေ သေဆုံးခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုဝင်တချို့ကို DVB က မေးမြန်းခဲ့ရာမှာတော့ သေဆုံးသူတွေထဲမှာ အရပ်သားတွေလည်း ပါသလို ပျူစောထီးတွေလည်း ပါတယ်လို့ ပြောပါတယ်။
အပြန်အလှန် ပစ်ခတ်မှုအတွင်း ဒေသကာကွယ်ရေးတပ်ဘက်က ဘယ်တပ်ရင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာ၊ ပစ်ခတ်မှုအတွင်း ထိခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး DVB က တော်လှန်ရေးအင်အားစု တပ်ဖွဲ့ဝင်တွေဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ထည့်သွင်းဖြေကြားတာမျိုး မရှိခဲ့ပါဘူး။
အင်အားပြင်း မြေငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရော စစ်ကောင်စီဘက်ကပါ ယာယီအပစ်အခတ်ရပ်မယ်လို့ ကြေညာထားကြပေမဲ့ ကလေးမြို့နယ်မှာတော့ နှစ်ဖက်အပစ်အခတ်ရပ်စဲမှုတွေ မရှိပါဘူး။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံ နှောညောင်ပင်ရွာက အုပ်ချုပ်ရေးမှုး ဦးမောင်ရီတို့ သားအဖ ၂ ယောက်ဟာ ဒေသကာကွယ်ရေးတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။