
ဧရာဝတီတိုင်း၊ ရေကြည်၊ သာပေါင်းနဲ့ ဂွမြို့နယ်အစပ် ရိုးမနဲ့ထိစပ်နေတဲ့ ဘောမိချောင်း ဒေသဝန်းကျင်မှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို အခုရက်ပိုင်း စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ဘောမိချောင်းဒေသတွင်းက သဲဖြူနဲ့ ကင်ပွန်းချဉ်ကုန်း တဝိုက်မှာတော့ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ကြိုးကြားဆိုသလို တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
စစ်ရေးပြင်ဆင်မှုတွေလည်း ပြုလုပ်နေပြီး အောက်တိုဘာ ၃ ရက် မနက်ပိုင်းကဆိုရင် ပုသိမ်ကနေ ဘောမိချောင်းဒေသဘက်ကို စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား ၆၀ လောက် ဖောကား ၃ စီးနဲ့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် လက်နက်ကြီးကျည်တွေနဲ့ ရိက္ခာတွေကို အရပ်သုံး ဆယ်ဘီးကားပေါ် ပြောင်းရွှေ့တင်ဆောင်ပြီး သဲဖြူဘက်ကို တက်သွားခဲ့တာပါ။
လက်ရှိ မြေပြင်မှာ တိုက်ပွဲတွေရှိနေတဲ့အခြေအနေကို ဧရာဝတီတိုင်းက ဒေသခံ စစ်ရေးသတင်းရင်းမြစ်က အခုလို ပြောပါတယ်။
“ပွဲတွေက တောက်လျှောက်ဖြစ်နေတယ်။ ဒီဘက်က ကားတွေနဲ့ တင်ပေးလိုက်တယ်၊ ဟိုက စီးကိုင်တယ်၊ အဲလိုတော့ဖြစ်နေတယ်။ အခုက သာပေါင်းလေးမရောက်ခင် ကင်ပွန်းချဉ်တို့ သဲဖြူရှေ့နားပေါ့။ အဲဒီနေရာတွေမှာ ဖြစ်နေတာ။ သူတို့ကတော့ (စစ်တပ်) သဲဖြူနဲ့ ကင်ပွန်းချဉ်ကို အထိုင်ထားတာပေါ့ကွာ။ ဟတ်စကီးနဲ့တောင်မှ အဲဒီမှာ လာပြီးတော့ ပစ်တယ်လို့ကြားတယ်။ ဟိုဘက်ကနေပြီးတော့ အကြမ်းဖျင်း ပြောတဲ့စကားပါ။ သာပေါင်းလေးကို သူတို့က (စစ်တပ်) တက်သိမ်းတယ်လို့ သူတို့က ဟိုရက်က၊ သူတို့ဘက်က သတင်းလွှင့်တာ။ အမှန်က သာပေါင်းလေးမှာဖြစ်တာ မဟုတ်ဘူး။ အဲဒီကင်ပွန်းချဉ် တောင်ဘက် ဟိုဘက်ကဝင်စီးတာ။ အဲဒါ ဟိုကောင်တွေက ဝင်စီးတယ်၊ စီးပြီးရင် ရတာတွေ အကုန်လုံးယူတယ်။ ပြီးရင်ပြန်ဆုတ်သွားတယ်။ သူတို့က အဲမှာ အထိုင်မချဘူး။ နောက်တချက်က ဒီဘက်ကအကောင်တွေက လက်နက်ငယ်နဲ့ ပစ်တာ၊ ဟိုဘက်က စနိုက်ပါနဲ့ပစ်တာ။ အဲဒါတွေ ကွာတယ်။ စနိုက်ပါဆိုတာ အဝေးကြီးကနေ ကြိုက်မှပစ်တာ။”
စစ်တပ်က မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့အတွက် ရှေ့တန်းမှာ ပင်ပန်းနေတဲ့ တပ်ဖွဲ့ဝင်တွေကို နောက်တန်းပြန်ခေါ်ပြီး အောင်ပွဲရစစ်ကြောင်းအဖြစ် ဝါဒဖြန့် စိတ်ဓာတ်မြှင့်တင်တာတွေလည်း လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ အဲဒီနောက် တပ်သားသစ်တွေကို စုဖွဲ့ပြီး ထိုးစစ်ပြန်ဆင်ဖို့ ကြိုးစားနေတာပါ။
အောက်တိုဘာ ၃ ရက် မွန်းတည့်ပိုင်းမှာတော့ သဲဖြူဘက်ကို တက်သွားတဲ့ ဖောကား ၃ စီးဟာ သာပေါင်းဘက်ကို အလွတ် ပြန်ဆင်းလာခဲ့ပါတယ်။
၂ စီးက ပုသိမ်ကိုပြန်သွားပေမဲ့ တစီးကတော့ ရှေ့တန်းကနေ ဆယ်ဘီးကားနဲ့ ပြန်ပါလာမဲ့ ဒဏ်ရာရလူနာတွေကို စောင့်ဆိုင်းနေခဲ့ပုံရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ခန့်မှန်းပြောပါတယ်။
တဖက်မှာ ဒီလို စစ်ရေးတင်းမာနေသလို ဒေသခံတွေဟာလည်း လတ်တလော ကြုံတွေ့ခဲ့ရတဲ့ ရေဘေးဒဏ်ကြောင့် အကူအညီမပါဘဲ ပြန်လည်ရုန်းကန်နေရတယ်လို့ ရေကြည်ဒေသခံက ပြောပါတယ်။
“အသံကြားရတယ်။ နောက်တခုက အခုကလည်း ရေဘေးကလည်း ရှိနေတော့ အသံက ပိုပြီးတောင် ကျယ်သေးတယ်။ မှန်တံတခါးတွေဆို တုန်သွားတာ။ လေယာဉ်လာပြီဆိုရင် အဲအသံကြားရတယ်။ ရက်ခြားကို သူက တခါလာလို့ရှိရင် ၃၊ ၄ ရက်၊ ၄၊ ၅ ရက် အဲလောက်တော့ ခြားတယ်။ အသံကြားတာ အခုရက်ကတော့ နည်းနည်းပြန်ပျောက်သွားတယ်။ ၃ ရက်၊ ၄ ရက်လောက်တော့ရှိပြီ ပြန်ပျောက်သွားတယ်။ ပြီးခဲ့တဲ့ရက်တွေကတော့၊ ပြီးတော့ ညနေစောင်းတို့ မနက်ပိုင်းတို့၊ မနက်ပိုင်းလင်းခါနီးတို့ အဲလိုဆိုဆော်ပြီ။ လက်နက်ကြီးသံတွေ ကြားနေရတယ်။ ရေဘေးက အခု သူတို့ လောလောဆယ်က ရေကျတော့ကျသွားပြီ။ အိမ်တွေပြန်နေလို့ရပြီ။ တချို့အိမ်တွေလည်း၊ တချို့အိမ်တွေကတော့ ပျက်စီးသွားတဲ့အခြေအနေ ရှိတယ်။ အဲဒါတွေကတော့ ပြန်လည်ထူထောင်ရမှာ၊ ပြန်ပြီးတော့ လုပ်ရတာပေါ့။ လုပ်ရတယ်ဆိုတဲ့ အပိုင်းမှာလည်း အစိုးရရဲ့ ထောက်ပံ့မှုဆိုတာတော့ မရှိပါဘူး။”
ရေဘေးအလွန် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရာမှာ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေဘက်က အထက်လူကြီးတွေလာရင် ပြသဖို့ လမ်းဘေးက ဟန်ပြ စံပြလယ်ကွက်တွေကိုသာ အစိုးရစရိတ်နဲ့ ဖော်ဆောင်နေတယ်လို့ ဒေသခံက ပြောပါတယ်။
မြေပြင်က တောင်သူတွေအတွက် မျိုးစပါးထောက်ပံ့တာမျိုးလည်း လက်တွေ့မှာ မရှိသေးတဲ့အပြင် ရိုးမနဲ့နီးစပ်တဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ စစ်ရေးတင်းမာမှုတွေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမဲ့ အန္တရာယ်တွေကြားထဲမှာ ဖြတ်သန်းနေကြရပါတယ်။
စိုးသူအောင်










