DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် တံတားဦးလေဆိပ်ကို ပြင်ဆင်ပြီး မန္တလေး ၄ မြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်
DVB
·
April 7, 2025
ငလျင်ဒဏ်သင့် တံတားဦးလေဆိပ်ကို ပြင်ဆင်ပြီး မန္တလေး ၄ မြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်
Donate to DVB

အင်အားပြင်းငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ မန္တလေး၊ တံတားဦးလေဆိပ်ကို စစ်ကောင်စီက ရက်ပိုင်းအတွင်း ပြင်ဆင်ခဲ့ပြီး သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ၊ မိုးကုတ် ၄ မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။

မတ် ၂၈ ရက်က ငလျင်ဒဏ်ထိခဲ့တဲ့ မန္တလေးတိုင်း၊ တံတားဦးလေဆိပ်ကို စစ်ကောင်စီက ရက်ပိုင်းအတွင်း ပြင်ဆင်ပြီး မန္တလေးတိုင်းထဲက မြို့နယ် ၄ ခုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

ဧပြီ ၄ ရက် မွန်းလွဲပိုင်းမှာ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု စတင်ပြုလုပ်ခဲ့ပြီး ဧပြီ ၅ ရက်မှာ မတ္တရာမြို့နယ်နဲ့ မိုးကုတ်မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်မှုတွေ ရှိခဲ့ပေမဲ့ အချက်အလက် အတိအကျကို DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

မတ္တရာ PDF တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးတိုးက “ငလျင်ဒဏ်သင့် ကယ်ဆယ်ရေးလှုပ်ရှားမှု လုံးဝမရှိဘူး။ မြို့ရဲ့ ပျက်စီးထိခိုက်မှု အနေအထားက စစ်ကိုင်းထက်ဆိုးတယ်။ တမြို့လုံးနီးပါးက ၈၀ ရာခိုင်နှုန်းကျော် ပျက်စီးတယ်လို့ ပြောတယ်။ တံတားဦးလေဆိပ်လည်း အဲဒီနေ့က ငလျင်ဒဏ် ထိတယ်၊ လေယာဉ်အတက်အဆင်း လုံးဝရပ်သွားတယ်။ ၄ ရက်နေ့ ၃ နာရီမထိုးခင်မှာ YAK 130 ဂျက်ဖိုက်တာတစီး စတက်တယ်၊ တံတားဦးလေဆိပ် ပြန်လည်သက်ဝင်လှုပ်ရှားလာတယ်၊ သပိတ်ကျင်း ၇ မိုင်ကို သွားပြီးတော့ လေကြောင်းတိုက်ခိုက်မှု လုပ်တယ်။ နောက်တခါ စဉ့်ကူး၊ ​အမှတ် ၁ ရပ်ကွက်၊ သီလရွာအနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှု တကြိမ်လုပ်ခဲ့တာ ရှိတယ်။ အဲဒီတရက်တည်းကို တံတားဦးကတက်တာ ၂ ကြိမ်၊ မတ္တရာမြို့နယ်ကိုကျတော့ ၅ ရက်နေ့ ၂ နာရီကျော်မှာ လေကြောင်းတိုက်ခိုက်မှု လုပ်တာရှိတယ်။ နောက်တခါ မိုးကုတ်ကိုလည်း ဂျက်ဖိုက်တာနဲ့ ပင့်ကူတောင်အနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုလုပ်တာ ရှိတယ်။ စကစက မြို့ ဒီလောက်ပျက်စီးသွားတာကို ကူညီကယ်ဆယ်ရေးလုပ်ဖို့ ပျက်ကွက်ခဲ့ပြီးတော့ တံတားဦးလေဆိပ်ကို အရပြင်တယ်၊ ပြင်ပြီးတာနဲ့ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း ၄ မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာရှိတယ်။ နိုင်ငံတကာက လှူဒါန်းနေတဲ့ငွေတွေဟာ စကစအတွက် ပြည်သူတွေကို သတ်ဖို့ အထောက်အပံ့တွေ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းကို ပြောချင်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီက မန္တလေး တံတားဦးလေဆိပ်၊ မိတ္ထီလာ ရှမ်းတဲလေဆိပ်၊ နေပြည်တော် အေလာလေဆိပ်၊ စစ်ကိုင်း နမခလေယာဉ်ကွင်း၊ ကလေးလေဆိပ်နဲ့ မကွေးလေဆိပ်တွေကို အဓိက အသုံးပြုပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာပါ။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေး၊ ချင်း၊ မန္တလေးတို့မှာ ပြည်သူကို လေကြောင်းတိုက်ခိုက်ဖို့ စစ်ကောင်စီ အဓိက အသုံးပြုခဲ့တဲ့ လေဆိပ်တွေထဲမှာ မန္တလေး၊ တံတားဦးလေဆိပ်တခုပဲ ငလျင်ကြောင့် မြင်သာတဲ့ ထိခိုက်မှု ရှိခဲ့တာ ဖြစ်ပါတယ်။

တံတားဦးမြို့ခံတယောက်က “တံတားဦးမှာ ပျက်စီးတာ များတယ်ဗျာ။ မြို့ပေါ်ဧရိယာမှာ၊ မြို့ကတော့ ပျက်တယ်။ မြို့ပေါ်ဧရိယာမှာ များတဲ့အခါကျတော့ အဲဒီမှာ ပြည်သူ့စစ်တွေ၊ ခရိုင်ဝန်ထမ်းတွေ၊ မီးသတ်တွေ၊ သူတို့ ခရိုင်ရုံးကြီးက ပြိုကျတာကိုး။ စုံစမ်းမေးမြန်းဖို့ကလည်း အဲဒီနေရာတခုပဲရှိတယ်၊ ကျန်တာက ကိုယ့်အစီအစဉ်နဲ့ကိုယ်၊ အဲဒီအထဲက ဒုက္ခရောက်သွားတဲ့ သူတွေကို ချိတ်ဆက်ပြီးတော့ သွားကြရတဲ့ဟာတွေ၊ ယာယီစခန်းတွေပေ့ါ၊ ကယ်ဆယ်ရေးစခန်းတွေ ဘာတွေ လုပ်ထားတာမျိုးတွေ မရှိဘူး” လို့ ပြောပါတယ်။

အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက် တရက်တည်းမှာ စစ်ကောင်စီက ရှမ်း၊ ကရင်၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းတို့က နေရာ ၆ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီက ငလျင်ဘေးသင့် ပြည်သူတွေကို ကူညီရေးအတွက် ယာယီအပစ်ရပ်စဲကြောင်း မတ် ၂ ရက်မှာ ကြေညာခဲ့ပေမဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့က ဒေသတချို့ကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်နေတာပါ။

မတ် ၂၈ ရက်ကနေ ဧပြီ ၅ ရက်အထိ ၉ ရက်အတွင်းမှာ စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၁၀၈ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၆၇ ယောက် သေဆုံးခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013