ငလျင်ဘေးသင့် မြန်မာပြည်သူတွေကို လာရောက်ကူညီခဲ့တဲ့ စင်ကာပူအဖွဲ့က မပြန်ခင်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာ ၁၁ မျိုးကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဆီ လှူဒါန်းသွားပါတယ်။
ငလျင်လှုပ်ပြီးနောက်နေ့မှာပဲ စင်ကာပူနိုင်ငံက Singapore Civil Defence Force -Operation Lionheart Contingent အဖွဲ့ဟာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာတွေ၊ ရှာဖွေကယ်ဆယ်ရေးခွေးတွေ၊ အဆင့်မြင့်နည်းပညာရပ်သုံး ပစ္စည်းကိရိယာတွေနဲ့အတူ မြန်မာနိုင်ငံကိုရောက်ရှိလာပြီး နေပြည်တော်ရှိ မြို့နယ်တွေနဲ့ ပျော်ဘွယ်မြို့တို့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ၊ အသက်ရှင်ကျန်ရစ်သူကို ရှာဖွေတဲ့လုပ်ငန်းတွေမှာ ကူညီပေးခဲ့တာပါ။
ဒီအဖွဲ့ဟာ လုပ်ငန်းတွေပြီးလို့ စင်ကာပူကိုမပြန်ခင် ဧပြီ ၆ ရက်မှာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို တွေ့ဆုံနှုတ်ဆက်ပြီး သူတို့ယူလာတဲ့ ရှာဖွေကယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာတွေထဲက အမျိုးအစား ၁၁ မျိုးကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
အမိုးအကာတဲ ၆ လုံး၊ ခေါက်သိမ်းနိုင်တဲ့ စားပွဲနဲ့ခုံ ၄ လုံး၊ ယာယီတဲ အလုံး ၁၆၀ လောက်၊ လေထိုးခေါင်းအုံး အလုံး ၈၀ လောက်၊ ယောဂဖျာ အချပ် ၈၀ လောက်၊ ဖိနပ် အရံ ၅၀ လောက်၊ အရောင်မှုတ်ဆေးဘူး ၁၀ ဘူးလောက်၊ ခွေးစာ ၁ ပါကင်၊ 3M Mask အခု ၅၀ လောက်၊ Mini Cutter Battery ၁ လုံး၊ နဲ့ စည်သွပ်ဘူး ဂက်စ်မီးဖိုအသေးတို့ကို လှူဒါန်းခဲ့တာလို့ မြန်မာမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။