
ရှမ်းပြည်နယ်နဲ့ ကရင်နီနယ်စပ်မှာရှိတဲ့ မိုးဗြဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အမှတ် ၁၀၀၁ တပ်ရင်း မိုးဗြဲ PDF ကျွဲချိုတပ်ခွဲက တပ်စုမှူး ကျဆုံးခဲ့တယ်လို့ တပ်ခွဲတာဝန်ရှိသူက ဧပြီ ၇ ရက်မှာ ပြောပါတယ်။
တပ်စုမှူး ရဲဘော်ထက်ဝေ (ခ) ဖိုးဝဟာ မိုးဗြဲရှေ့တန်းစစ်မျက်နှာပြင်မှာ ဧပြီ ၃ ရက်က ကျဆုံးခဲ့ရပြီး စျာပနအခမ်းအနားကိုတော့ ဧပြီ ၆ ရက်က ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
မိုးဗြဲ PDF ကျွဲချိုတပ်ခွဲ တာဝန်ရှိသူက “၁၁၁၁ မစ်ရှင်ပြီးကတည်းက သူက ဝင်လာတာ၊ အဲ့ကတည်းက ရှေ့တန်းမှာ တောက်လျှောက်ရှိပေးနေတာပေါ့နော်။ ဆေးကုသမှု မခံယူရဘူး။ ရှေ့တန်းမှာ တခါတည်းကျသွားတာပေါ့နော်” လို့ ပြောပါတယ်။
အသက် ၂၉ နှစ်အရွယ် ရဲဘော်ထက်ဝေ (ခ) ဖိုးဝက တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်ပြီး ရဲဘော်တွေနဲ့အတူ ရှေ့တန်းမှာ အမြဲပါဝင်ရင်း စစ်ကောင်စီတပ်ကို တော်လှန်နေသူ ဖြစ်တာကြောင့် ကျဆုံးခဲ့ရတဲ့ ရဲဘော်ရဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
မိုးဗြဲကို ရနိုင်ဖို့အတွက် စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်နေပြီး လက်နက်ကြီးနဲ့ ဒရုန်းကို နေ့စဥ် အလုံး ၁၀၀ နီးပါးလောက်ထိ ပစ်ခတ်တိုက်ခိုက်နေပြီး နေ့စဥ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ရှိနေပါတယ်။
မိုးဗြဲ PDF ကျွဲချိုတပ်ခွဲမှာ ခုလက်ရှိအချိန်အထိ ရဲဘော် ၉ ယောက်အထိ ကျဆုံးခဲ့ရတယ်လို့ တပ်ခွဲတာဝန်ရှိသူက ပြောပါတယ်။