
ပိုလန်နိုင်ငံ ဂဒစ်ညာမြို့က အရပ်သားတဖွဲ့ဟာ ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ကျင်းပတဲ့ "စစ်တပ်နဲ့ အတူလေ့ကျင့်ခြင်း" အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ဧပြီ ၅ ရက်က စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ စတင်ခဲ့တဲ့ အစီအစဉ်ရဲ့ ဆဋ္ဌမမြောက်လေ့ကျင့်မှု ဖြစ်ပြီး နိုင်ငံတဝန်းက နေရာအသီးသီးမှာ လေ့ကျင့်ရေးသင်တန်းတွေကို ဖွင့်လှစ်ခဲ့ပါတယ်။
သင်တန်းတခုစီဟာ ၂ လကြာမြင့်ပြီး လက်နက်အသုံးပြုခြင်း၊ ကိုယ်ရေးကိုယ်တာ ကာကွယ်ရေးနည်းပညာတွေ လေ့ကျင့်တာ၊ လက်နက်တွေ တည်ဆောက်ပုံ လေ့လာတာ၊ ရှင်သန်ခြင်းဆိုင်ရာ အခြေခံတွေနဲ့ ရှေးဦးသူနာပြုစုခြင်းဆိုင်ရာ သင်ခန်းစာတွေ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့လက ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ်က အစိုးရဟာ စေတနာ့ဝန်ထမ်း အယောက်တသိန်းကို ၂၀၂၇ ခုနှစ်မှာ အပြီး လေ့ကျင့်ပေးဖို့ ရည်မှန်းချက်နဲ့ လာမယ့်နှစ်ကစပြီး စေတနာ့ဝန်ထမ်း လေ့ကျင့်ရေး အစီအစဉ်အသစ်ကို စချင်တယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်က အိမ်နီးချင်း ယူကရိန်းကို ရုရှားက ကျူးကျော်မှုကြောင့် ပိုလန်ဟာ အခုအခါ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)မှာ ကာကွယ်ရေးအသုံးစရိတ် အချိုးအစားကို တခြား NATO အဖွဲ့ဝင်တွေထက် ပိုမိုသုံးစွဲနေပါတယ်။
Source : Reuters