DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
DVB
·
April 6, 2025
ဘုတလင်တွင် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို ဧပြီ ၆ ရက် ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ တယောက်သေဆုံးကာ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဘုတလင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်းရဲ့ ရဲဘော်ဒီးဒီး က “အုတ်ကျင်းရွာထဲနဲ့ ကုက္ကိုစုရွာမြောက်ဘက်တွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ နမခ ထဲက တက်လာတဲ့ Paramotor (စက်တပ်လေထီး) နဲ့ ဗုံး ၂ လုံးကြဲသွားတာပါ။ ပြည်သူသေဆုံးဒဏ်ရာရတာတွေရှိပါတယ်။ နွား ၂ ကောင်လည်း သေတယ်လို့‌တော့ သိထားရတယ်။ လူနေအိမ်တွေ ထိခိုက်ပျက်စီးသေးတယ်။ အဲ့ဒိရွာတွေက ရွာသားတွေလည်း ထွက်ပြေးလာကြလို့ အိမ်ဘယ်နှလုံး ပျက်စီးကုန်တယ်ဆိုတာတော့ အတိအကျမသိရသေးဘူးဗျ” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အုတ်ကျင်းကျေးရွာနေ ဦးအောင်ဇော်မင်းဟာ နေရာမှာတင် သေဆုံးသွားခဲ့ရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ငလျင်ဒဏ်ကယ်ဆယ်ရေးတွေအတွက် ကျနော်တို့ဘက်က အပစ်ရပ်ဖို့ ကြေညာထားသလို သူတို့ဘက်ကလည်း အပစ်ရပ်ဖို့ ကြေညာထားတဲ့ကြားကနေ စစ်တပ်ဘက်က အခွင့်ကောင်းယူပြီး တိုက်ခိုက်တာတွေ ဆက်လုပ်နေတာဖြစ်တယ်။ မြန်မာပြည်မှာ အရင်ခေတ်အဆက်ဆက်ကတည်းက ဘယ်အာဏာရှင်ကမှ ကတိတည်ခဲ့တာတော့မဟုတ်ခဲ့ဘူး” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာလည်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့က မြို့မဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင်၊ ဓမ္မာရုံနဲ့ ဆွမ်းစားဆောင်တို့ မီးလောင်ပျက်စီးခဲ့သလို ဘုန်းကြီးကျောင်းအတွင်းမှာရှိနေတဲ့ ပြည်သူ ၂ ယောက်သေဆုံး၊ ၈ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေရရှိသွားခဲ့ကြကာ ရပ်တော်မူရုပ်ပွားတော်၊ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းနဲ့ မြို့တော်ခန်းမတို့လည်း ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့မှာ လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ငလျင်ဘေးသင့်တဲ့ ဒေသတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို မတ် ၃၀ ရက်ကစတင်ပြီး ၂ ပတ်ကြာ ရပ်နားထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီကလည်း ငလျင်ဒဏ်​ခံရတဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013