
အမေရိကန် ရေတပ်ရဲ့ USS အေဘရာဟမ်လင်ကွန်း လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ စစ်သင်္ဘောအုပ်စုဟာ ထိုင်းနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းရှိ ဆိပ်ကမ်း ၃ ခုကို ပုံမှန်ခရီးစဉ်အဖြစ် စက်တင်ဘာလ ၂ ရက်မှာ ဆိုက်ရောက်လာတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အရှေ့အလယ်ပိုင်း စစ်ဆင်ရေးကာလ အပါအဝင် ပင်လယ်ပြင်မှာ ရက်ပေါင်း ၂၈၆ ရက် ကြာမြင့်ခဲ့ပြီးနောက် အမေရိကန် စစ်သင်္ဘောအုပ်စု ထိုင်းနိုင်ငံကို ဆိုက်ရောက်လာတာပါ။
နီးမစ်ဇ် အမျိုးအစားလေယာဉ်တင်စစ်သင်္ဘော USS အေဘရာဟမ်လင်ကွန်းဟာ လမ်ချဘန် ဆိပ်ကမ်းကို ဆိုက်ရောက်ခဲ့ပြီး တခြားစစ်သင်္ဘော ၂ စင်းကတော့ စီရာချာနဲ့ မက်ပ်တာဖုတ် ဆိပ်ကမ်းတို့မှာ သီးခြားစီ ဆိုက်ကပ်ခဲ့ပါတယ်။
စစ်သင်္ဘောအုပ်စု အမှတ် ၃ ရဲ့ တပ်မှူးဖြစ်သူ ရေတပ်ဗိုလ်ချုပ် ရောဘတ် အီးလော့ခ်ဂရန်က အခုလို စစ်သင်္ဘာတွေ ဆိပ်ကမ်းမှာ ခဏရပ်ထားတာဟာ ကာလရှည် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရေတပ်သားတွေနဲ့ မရိန်းတပ်ဖွဲ့ဝင်တွေအတွက် အနားယူခွင့် ရရှိစေမယ်လို့ ပြောပါတယ်။
“လမ်ချဘန်ဆိပ်ကမ်းကို ရောက်ရှိတာဟာ ကျနော်တို့ရဲ့ ရေတပ်သားတွေနဲ့ မရိန်းတပ်ဖွဲ့ဝင်တွေအတွက် ထိုက်ထိုက်တန်တန် အနားယူ အားဖြည့်နိုင်မဲ့ အခွင့်အရေးကောင်းတခု ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ ထိုင်းနိုင်ငံကြားက ခိုင်မာပြီး စဉ်ဆက်မပြတ်ရှိနေတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ မဟာမိတ်ဆက်ဆံရေးကိုလည်း မီးမောင်းထိုးပြရာ ရောက်ပါတယ်။”
USS အေဘရာဟမ်လင်ကွန်းသင်္ဘောရဲ့ အုပ်ချုပ်မှူး တပ်မှူး ဒန်ကီးလာက ထိုင်းနိုင်ငံဟာ သူတို့ရဲ့ အခုခရီးစဉ်အတွင်း ပထမဆုံး ဝင်ရောက်ဆိုက်ကပ်တဲ့ ဆိပ်ကမ်းဖြစ်တယ်လို့ ပြောပါတယ်။
“ဒီဆိပ်ကမ်းကို လာရောက်တာဟာ တဦးနဲ့တဦး နားလည်မှုကို ပိုမိုနက်ရှိုင်းစေပြီး ဒေသတွင်း လုံခြုံရေးအတွက် နှစ်ဦးနှစ်ဖက် ကတိကဝတ်ပြုမှုကို ပြသရာရောက်ပါတယ်။ ဒါ့အပြင် ကျနော်တို့ တပ်ဖွဲ့ဝင်တွေကိုလည်း လှပပြီး သမိုင်းဝင်တဲ့ ဒီနိုင်ငံမှာ အနားယူ အပန်းဖြေခွင့် ရရှိစေမှာ ဖြစ်ပါတယ်။”
စစ်သင်္ဘောအုပ်စုဟာ အမေရိကန် ဗဟိုစစ်ဌာနချုပ်ရဲ့ တာဝန်ယူရာ နယ်မြေအတွင်း ၇ လနီးပါးလောက် စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ပါတယ်။
အမေရိကန် သံရုံးရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ စစ်သင်္ဘောအုပ်စုနဲ့ ရေတပ်၊ မရိန်းတပ်ဖွဲ့ဝင်တွေဟာ "Operation Epic Fury" စစ်ဆင်ရေးကို ပံ့ပိုးတဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ကြပြီး ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး ပင်လယ်ပြင် ပိတ်ဆို့ရေး စစ်ဆင်ရေးကိုလည်း အကောင်အထည်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။
အခုအချိန်မှာတော့ ဒီစစ်သင်္ဘာအုပ်စုဟာ အမေရိကန် အမှတ် ၇ ရေတပ်စုရဲ့ တာဝန်ယူရာ အင်ဒို-ပစိဖိတ် ဒေသအတွင်း ပုံမှန်စစ်ဆင်ရေးတွေ ဆက်လက် ဆောင်ရွက်နေပါတယ်။
အမေရိကန် စစ်သင်္ဘာအုပ်စုဟာ ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၂ ရက်မှ ၆ ရက်အထိ ဆိုက်ကပ်ထားမှာ ဖြစ်ပြီး ဒီကာလအတွင်း စစ်သင်္ဘောသားတွေ သွားရောက်ခွင့်မရှိတဲ့ ကန့်သတ်နယ်မြေတွေကို ပတ္တယား အာဏာပိုင်တွေက သတ်မှတ် ထုတ်ပြန်ထားပါတယ်။
အမေရိကန် ရေတပ်သားတွေ သွားရောက်ခွင့်မရှိတဲ့ နယ်မြေတွေထဲမှာ ပတ္တယားမြို့ထဲက အရက်ဘားတွေနဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေ အများအပြားရှိရာ နာမည်ကြီး အနီရောင်နယ်မြေ ဖြစ်တဲ့ လမ်းသွယ် ၆၊ လမ်းသွယ် ၆/၁၊ လမ်းသွယ် ၇ နဲ့ ဆေးခြောက်ဆိုင်တွေ ပါဝင်ပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေ အသွားများတဲ့ Walking Street လျှောက်လမ်းလို ဖျော်ဖြေရေး နေရာတွေကို သွားရောက်ခွင့် ပြုထားပေမဲ့ သတ်မှတ်ထားတဲ့ အချိန်အတိုင်း လိုက်နာရမည်ဖြစ်ပြီး မနက် ၂ နာရီထက် နောက်မကျဘဲ ပြန်လည် ထွက်ခွာရမှာ ဖြစ်ပါတယ်။
စစ်သင်္ဘောအုပ်စုမှာ တပ်ဖွဲ့ဝင် ၅,၀၀၀ ကျော် ပါဝင်ပြီး ဒီအထဲက အနည်းဆုံး ၃,၀၀၀ လောက်ဟာ ပတ္တယားမြို့ကို လာရောက်ကာ ညအိပ် တည်းခိုကြမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ပတ္တယား အာဏာပိုင်တွေက လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတွေကို ဟန့်တားဖို့ စိစစ်ထားပြီး လိင်ဖျော်ဖြေရေး ဝန်ဆောင်မှု ဝယ်ယူရောင်းချတာတွေ တရားမဝင်ကြောင်း၊ အထူးသဖြင့် အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ ပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတွေကို အပြင်းအထန် တားမြစ်ထားပါတယ်။
ခရီးသွားတွေကို ခေါင်းပုံဖြတ် ဈေးတင်ရောင်းချတာမလုပ်ကြဖို့ ပုံမှန်ဝန်ဆောင်ခတွေသာ ကောက်ခံဖို့ စိစစ်ထားပြီး မသင်္ကာဖွယ် လှုပ်ရှားမှုတွေတွေ့ရှိပါက ရေကြောင်းခရီးသွား ရဲတပ်ဖွဲ့ရဲ့ ဟော့လိုင်း ၁၁၅၅ ကို ၂၄ နာရီပတ်လုံး ဆက်သွယ်နိုင်တယ်လို့ အာဏာပိုင်တွေက အသိပေးထားပါတယ်။
Source: The Nation/ Khaosod
Photo: Reuters











