DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာ ၂ သိန်းခန့် မြန်မာဘက် ပြန်ပို့ရန် စစ်ကောင်စီ လက်ခံဟု ဘင်္ဂလားဒေ့ရှ် ပြော
DVB
·
April 5, 2025
ရိုဟင်ဂျာ ၂ သိန်းခန့် မြန်မာဘက် ပြန်ပို့ရန် စစ်ကောင်စီ လက်ခံဟု ဘင်္ဂလားဒေ့ရှ် ပြော
Donate to DVB

ရိုဟင်ဂျာဒုက္ခသည်ဦးရေ ၁၈၀,၀၀၀ ကို မြန်မာဘက်ကို ပြန်လည်ပို့ဆောင်ဖို့ စစ်ကောင်စီဘက်က လက်ခံအတည်ပြုလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောတဲ့အကြောင်း Al Jazeera သတင်းမှာ ဧပြီ ၄ ရက်က ဖော်ပြပါတယ်။

ဧပြီ ၄ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ဘင်္ဂလားပင်လယ် အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဘင်းမ်စတက် (BIMSTEC) ထိပ်သီးအစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအဖွဲ့ အကြီးတန်းကိုယ်စားလှယ် ခါလီလူရာမန်နဲ့  စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ သီးခြားတွေ့ဆုံမှု အပြီးမှာ ခုလို သတင်း ထွက်ပေါ်လာခဲ့တာပါ။

ဒါဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံ ဘက်ကို ၆ သုတ်ခွဲပြီး တင်သွင်းခဲ့တဲ့ထဲက အမည်စာရင်း တစိတ်တပိုင်းဖြစ်သလို ရိုဟင်ဂျာ အကျပ်အတည်းကို နှစ်ရှည်လများ ဖြေရှင်းရေးအတွက် အဓိကခြေလှမ်းတရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတွေထဲမှာတော့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော် နေထိုင်နေကြတာဖြစ်ကာ ပြီးခဲ့တဲ့ နှစ်အတွင်းမှာလည်း ရခိုင်ပြည် နယ်တွင်းက ဆိုးရွားလာတဲ့ တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ ၇၀,၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထပ်မံ ထွက်ပြေးခိုလှုံခဲ့ကြပါသေးတယ်။

လတ်တလောမှာတော့ အဆိုပါ ဒုက္ခသည် ၇၀,၀၀၀ ကို အပြီးသတ် စိစစ်နေဆဲဖြစ်ပြီး ဓာတ်ပုံတွေ၊ အထောက်အထား အသေးစိတ်အချက်အလက်တွေကို ပြန်လည်သုံးသပ်သွားဖို့ ရှိနေသလို မူလစာရင်းမှာ ကျန်ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် ၅ သိန်းခွဲအတွက်လည်း စိစစ်ရေးလုပ်ငန်းစဉ်တွေ အရှိန်မြှင့်ဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံက ကတိပြုထား ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဘန်ကောက်ဆွေးနွေးပွဲ ရလဒ်နဲ့ ပတ်သက်ပြီး မြန်မာ အစိုးရဘက်ကတော့ ထုတ်ပြန်ချက် တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ရိုဟင်ဂျာဒုက္ခသည်တွေဘက်ကတော့ မြန်မာနိုင်ငံကို ပြန်နိုင်ဖို့ မျှော်လင့်ချက်နည်းပါးပြီး သူတို့ရဲ့ နိုင်ငံသားဖြစ်ခွင့်၊ အခြေခံအခွင့်အရေးများကို  ငြင်းပယ်ခံနေရဆဲဖြစ်သလို ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်လည်ပို့ဆောင်နိုင်ရေး ကြိုးပမ်းခဲ့ကြပေမဲ့ အများစုကတော့ ညှဉ်းပန်းနှိပ်စက်ခံရမှာ ကြောက်ရွံ့တာကြောင့် ငြင်းဆန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆာင် မစ္စတာ ယူနွတ်စ်ကတော့ ရိုဟင်ဂျာတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် တစုံတရာ မရှိဘဲ နှစ်ပေါင်းများစွာ ဆက်ဖြစ်လာနေခဲ့သလို ဒီအကျပ်အတည်းကို နိုင်ငံတကာက အာရုံစိုက်ဖို့ ကြိုးစားနေတဲ့အကြောင်း ပြောထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ဟာလည်း လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကြားက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေးဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့ပြီး ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဆီလည်း သွားရောက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ရခိုင်ပြည်တပြည်နယ်လုံးနီးပါးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ အာဏာသက်ရောက်မှုမရှိတော့လို့  ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးကိစ္စ AA နဲ့ ဆွေးနွေးဖို့ လိုတယ်လို့  တိုက်တွန်းမှုတွေ ရှိနေပါတယ်။ 

Source: Al Jazeer

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013