
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တဲ့ တနင်္သာရီမြို့-မောတောင် ကားလမ်းပိုင်းမှာ နယ်မြေထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၄ ရက် နေ့လယ်က မောတောင်ကားလမ်းပိုင်းရှိ သိန်ခွန်းကျေးရွာအနီးမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲပြီး ပွိုင့်ဖိုက်စက်သေနတ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်သွားခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“နေ့လယ် ၁၂ ဝန်းကျင်လောက်မှာ လေယာဥ် ၃ ခါလာဝဲတယ်။ ပထမ လေယာဥ်သံကြားပြီးတာနဲ့ ၅ မိနစ်လောက်အကြာမှာ ဗုံးကြဲသံကြားတယ်၊ အေးသာယာရွာဘက်ကနေ ဖြတ်ပြီးတော့ ခဲချောင်းဘက်ကို သွားသလိုနဲ့ ထပ်ကြဲသွားတယ်။ ပြီးတော့ ပွိုင့်ဖိုက်နဲ့ ပစ်သံတွေလည်း ကြားရတယ်။ ဒီမတိုင်ခင် မနက်ကတည်းက မိုင်းခွဲသံတွေလည်းကြားရတယ်” လို့ ပြောပါတယ်။
အဆိုပါနေ့က တနင်္သာရီ-မောတောင်ကားလမ်းပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိမရှိဆိုတာကိုတော့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမဲ့ မသိရသေးပါဘူး။
တနင်္သာရီ-မောတောင်ကားလမ်းပိုင်းမှာ စစ်ကောင်စီဘက်က အင်အားတိုးချဲ့ပြီး နယ်မြေထိန်းချုပ်နိုင်ဖို့ တိုက်ပွဲတွေ ဖော်ဆောင်က ဗုံးကြဲနေတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“သူတို့က အပစ်အခတ်ရပ်စဲတယ်လို့သာ ပြောတယ်။အခုက အပစ်အခတ်ပဲရပ်ပြီး လေကြောင်းနဲ့ ဗုံးကြဲမယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။”
ဒိမတိုင်ခင် ဧပြီ ၃ ရက်က တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာဘက်မှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနေ့က နေ့လယ်ပိုင်းအချိန်မှာ အမတ ၃၀၆ တပ်ရင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက ထုံနွယ်ရွာသား ၃ ယောက်ကို ခမရ ၅၅၇ တပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။











